ဗိုလ်မှူးနှစ်ဦးအပါအဝင် အင်အားခြောက်ဆယ်ကျော် CDM ဝင်ခဲ့ကြောင်း NUG ထုတ်ပြန်
2024.11.01
ချင်းပြည်နယ် ပလက်၀မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့် နှစ်ဦးအပါအဝင် အရာရှိနဲ့ အခြားအဆင့် စစ်သည်အဆင့် စုစုပေါင်း ၆၁ ဦး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လာ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သူတို့ဟာ ပလက်၀ CDF နဲ့ ယောကာကွယ်ရေးတပ် (YDF) တို့ကတစ်ဆင့် NUG နဲ့ ချိတ်ဆက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဝင်ရောက်ခိုလှုံလာတာလို့ ဆိုပါတယ်။
CDM ဝင်လာသူတွေထဲ ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်တဲ့အဖွဲ့မှာ အရာရှိသုံးဦး၊ အခြားအဆင့် ၃၁ ဦးနဲ့ ရဲမေ ၁ ဦး စုစုပေါင်း ၃၅ ဦးနဲ့ ဗိုလ်မှူးအောင်ကိုထွေး ဦးဆောင်တဲ့အဖွဲ့မှာ အရာရှိ သုံးဦး၊ စစ်သည် ၂၃ ဦး စုစုပေါင်း ၂၆ ဦး စီ ပါဝင်ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့အပြင် ပြည်သူကို ရန်သူလိုသတ်မှတ်ပြီး သတ်ဖြတ်နေတာတွေ မြင်တွေ့ကြားသိနေရတာနဲ့ တပ်တွင်း ဖိနှိပ်အုပ်ချုပ်မှုတွေကြောင့် CDM ဝင်လာတာဖြစ်ကြောင်း NUG က ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းမှာ CDM စစ်တပ်အရာရှိတွေက ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီလကတည်းက CDM ဝင်ရောက်လာတာဖြစ်ပေမဲ့ အခုမှထုတ်ပြန်တာဟာ သူတို့ရဲ့ မိသားစု လုံခြုံရေးအခြေအနေအပါအဝင် လက်ရှိမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေချိန်မှာ အချိန်ကိုက် ထုတ်ပြန်လာတာလည်း ဖြစ်နိုင်တယ်လို့ စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
“SAC ဘက်က တစ်စတစ်စ ရှုံးနိမ့်လာတဲ့အချိန်၊ အမ်းတိုင်းစစ်ဌာနချုပ်ကို မကျဖို့ အသေအလဲ ခုခံနေရတဲ့အချိန် မှာအချိန်ကိုက် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဖို့ချပြတဲ့သဘောပါဘဲ လို့မြင်တယ် Psychological walfare စိတ်ဓာတ်စစ်ဆင်ရေးနည်းနာတစ်ခုပေါ့”
အခုလို အင်အားအများအပြားခိုလှုံလာတာဟာ စစ်ကောင်စီဘက်မှာ စိတ်ဓာတ်ပြိုလဲတာတွေရှိနေ ပြီး ပြည်သူဘက်ကို ကူးပြောင်းချင်တဲ့ အရာရှိ၊ စစ်သည်တွေ အများအပြားရှိနေသေးတယ်ဆိုတာကို ညွှန်ပြနေ တယ်တာ NUG က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကတော့ စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီး သုံးဦးအပါအဝင် အရာရှိ၊ တပ်သားနဲ့ ရဲ့ ၄၁ ဦး CDM မှာ ပါဝင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ကတော့ အာဏာသိမ်းပြီးနောက် CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း တစ်သောင်းခွဲဝန်းကျင်ရှိတယ်လို့ RFA ကို ဇွန်လအတွင်းမှာ ပြောထားပါတယ်။