ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့က ငွေလိမ်တဲ့ လုပ်ငန်းတွေမှာ ချုပ်နှောင်ခံထားရတဲ့ မလေးရှားနိုင်ငံသား ၂၆ ဦးကို ရှာဖွေပြီး ကယ်တင်ဖို့ ကြိုးစားနေတယ်လို့ မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် မိုဟာမက် အယ်လ်မင်က ပြောလိုက်ပါတယ်။
နိုဝင်ဘာလ ၇ ရက်က သတင်းမီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ လူ ၅၁၈ ဦးကို မလေးရှားနိုင်ငံကို ပြန်ပို့ပေးခဲ့ပြီး ဖြစ်ကြောင်းနဲ့ ရန်ကုန်မြို့က မလေးရှားသံရုံးဟာ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့သူတွေကို အဲဒီနိုင်ငံတွေကနေတစ်ဆင့် မလေးရှားနိုင်ငံကို ပြန်ခေါ်ဖို့ ကြိုးစားနေတဲ့အကြောင်း မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာလို့ မလေးရှား ဘီနားမားသတင်းမှာ ဖော်ပြပါတယ်။
မလေးရှားနိုင်ငံသားတွေအနေနဲ့လည်း ဆိုရှယ်မီဒီယာတွေပေါ်ကတစ်ဆင့် သံသယဖြစ်ဖွယ်ရှိတဲ့ အလုပ်ခေါ်စာတွေကို သတိထားကြဖို့ သူက သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသားတွေကို မလေးရှားအစိုးရက သွားရောက်ကယ်တင်ဖို့ ကြိုးပမ်းနေပြီး မြန်မာအာဏာပိုင်တွေဆီကနေ ခွင့်ပြုချက် စောင့်ဆိုင်းနေတယ်လို့လည်း ပြောခဲ့ပါတယ်။