မြန်မာ့အရေး မဖြေရှင်းနိုင်ရင် ပြင်ပက စွက်ဖက်လာနိုင်ကြောင်း မလေးရှားပြော

RFA Burmese
2023.03.20
မြန်မာ့အရေး မဖြေရှင်းနိုင်ရင် ပြင်ပက စွက်ဖက်လာနိုင်ကြောင်း မလေးရှားပြော မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Kenzo TRIBOUILLARD / AFP

မြန်မာ့အရေးကို အာဆီယံအသင်းက မကူညီ၊ မဖြေရှင်းနိုင်ရင် ဒေသတွင်းမှာ ပြင်ပ အင်အားကြီး နိုင်ငံတွေရဲ့စွက်ဖက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီက ပြောတဲ့အကြောင်း ဘနားမားသတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒေသတွင်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် အာဆီယံအနေနဲ့ မြန်မာပြည် ပြဿနာကို အမြင်ကျယ်ကျယ် သတိကြီးကြီးနဲ့ ဆက်ပြီးဆောင်ရွက်သင့်တယ်လို့ သူက ပြောပါတယ်။

ဒီလိုမြန်မာပြဿနာကို ဖြေရှင်းဖို့ကြိုးစားတဲ့အခါမှာ အသင်းဝင်နိုင်ငံအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ တစ်နိုင်ငံတည်းက ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီက ထောက်ပြပါတယ်။

မြန်မာ့အရေး ပြေလည်ဖို့ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ထက်ပိုပြီး အားကောင်းမယ့် နောက်ထပ်ခြေလှမ်းတွေရှိနိုင်သေးလားလို့ မလေးရှား လွှတ်တော် ကိုယ်စားလှယ် ဝမ်အာမက်ဖေဆယ်ရဲ့မေးခွန်းကို နိုင်ငံခြားရေးဝန်ကြီးက ပြန်ပြီးဖြေဆိုတာပါ။

ဝန်ကြီးချုပ် အဏ္ဏဝါ အီဘရာဟင်ရဲ့ မြန်မာ့အရေးပြေလည်မယ့် အဆိုပြုချက်နဲ့ပတ်သက်လို့ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဓာတုဆရီအာမက်ရဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့၊ မြန်မာ့အရေး ပြေလည်မယ့်အားကောင်းတဲ့ ဆောင်ရွက်ချက်ဆိုတာ အာဆီယံအသင်းဝင်အဖြစ်ကနေ မြန်မာကိုထုတ်ပယ်ဖို့ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီက ပြောပါတယ်။

ဝန်ကြီးချုပ် အဏ္ဏဝါရဲ့ဆိုလိုချက်က တခြားအာဆီယံအသင်းဝင် နိုင်ငံတွေကို မြန်မာ့ အရေးသာ အဓိကအနေနဲ့ မေးခွန်းထုတ်နေတာ မျိုးမဟုတ်ဘဲ တခြားဒေသတွင်းကိစ္စတွေ တိုးမြှင့်ဆောင်ရွက်ရေးကိုလည်း မေ့မထားဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။