မလေးရှားနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် အာရှနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား သုံးပုံ တစ်ပုံလောက်ဟာ အဓမ္မခိုင်းစေခံနေကြရတယ်လို့ ကုလသမဂ္ဂနိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအလုပ်သမားတွေဟာ အလုပ်ချိန်များတာ၊ အချိန်ပိုလုပ်ခ မရတာ၊ လုပ်ခလစာနည်းပါးတာနဲ့ အလုပ်ကထွက်ခွင့်မရအောင် တားဆီးခံနေရတာ စတဲ့ မတရားမှုတွေကို ခံစားနေကြရတယ်လို့ ပြောပါတယ်။
"အိမ်မှုအလုပ်တွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အရေးကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီး အကာအကွယ်ပေးထားတာကတော့ အနည်းဆုံးပဲဖြစ်တယ်၊ ဒါကို လက်ခံနိုင်စရာမရှိဘူး" လို့ ILO တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေကနေ နိုင်ငံခြားတိုင်းပြည်တွေမှာ ချက်ပြုတ်ရှင်းလင်း၊ ကလေးထိန်း၊ ဥယျာဉ်ပန်းမန် စိုက်ပျိုးရေး စတဲ့ အလုပ်တွေ လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၁၂ဝဝ ကျော်ကို ILO က တွေ့ဆုံမေးမြန်းထားတာတွေကို အခြေခံထုတ်ပြန်တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမား ၂၉ ရာခိုင်နှုန်းဟာ အဲဒီလို မတရားမှုတွေကို ကြုံတွေ့နေရပြီး၊ စင်္ကာပူနိုင်ငံမှာတော့ ခုနစ်ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံမှာတော့ လေးရာခိုင်နှုန်းပဲ အလားတူခိုင်းစေခံနေရတယ်ဆိုပြီး နှိုင်းယှဉ်ဖော်ပြထားပါတယ်။ ဒီသုံးနိုင်ငံက အိမ်အကူအလုပ်သမားတွေက ဥပဒေအရ သတ်မှတ်ထားတဲ့ အလုပ်လုပ်ချိန်ထက် များနေပြီး အနည်းဆုံးလုပ်ခလစာကိုတောင် မရကြဘူးလို့ ILO က ဆိုပါတယ်။
အခုလို ILO ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနပြောခွင့်ရှိသူက သူတို့နိုင်ငံမှာ ၂ဝ၁၂ ခုနှစ် အလုပ်သမားကာကွယ်ရေးဥပဒေ ထုတ်ပြန်ခဲ့ချိန်ကစပြီး အိမ်အကူအလုပ်သမားတွေရဲ့ ဘဝတွေ တိုးတက်လာခဲ့တယ်လို့ ပြောပါတယ်။
အာရှတိုက်က နိုင်ငံတွေမှာ အိမ်အကူ လုပ်ကိုင်တဲ့ အလုပ်သမားတွေဟာ ယေဘူယျအနေနဲ့ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အမျိုးသမီးတွေဖြစ်ပြီး မလေးရှားမှာ လုပ်ကိုင်တဲ့ အိမ်အကူလုပ်သား ၈ဝ ရာခိုင်နှုန်းဟာ အင်ဒိုနီးရှားက ဖြစ်တယ်လို့လည်း ILO ရဲ့ ဇွန် ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။