အောက်ဆီဂျင် အလုံအလောက်ရှိတယ်လို့ စစ်တပ်ခေါင်းဆောင်ပြော

အောက်ဆီဂျင်မရလို့ နေ့စဉ် လူသေဆုံးတာတွေ တိုးလာနေပေမယ့်လည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အောက်ဆီဂျင် မလုံလောက်ဘူးဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချလိုက်ပါတယ်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်မှာ ဇူလိုင် ၁၂ ရက် မနေ့က ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အောက်ဆီဂျင် အလုံအလောက်ရှိတယ်လို့ အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

"Oxygen နဲ့ ပတ်သက်ပြီး လူတွေတော်တော်များများ ပြောကြတာပေါ့လေ။ တကယ်တော့ Oxygen က လက်ရှိအနေအထားမှာ လုံလုံလောက်လောက်ရှိပါတယ်။ လူတွေက ကြောက်လန့်ပြီးတော့ စိုးရိမ်ပြီးတော့ အချို့ကလည်း ဝယ်ထားတာရှိတယ်။ အချို့ကလည်း မသမာတဲ့နည်းနဲ့လုပ်ဖို့ ကြိုးစားနေတာလည်း ရှိတယ်။ ဒီအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဆောင်ရွက်လိုတဲ့ လူတွေလည်းရှိတယ်။ Oxygen အိုးတွေကို ဝယ်ပြီးတော့ ဖမ်းထိန်းတယ်။ Oxygen ပြတ်သွားပြီ။ အဲမှာ Rumourတွေ ထွက်ကုန်တယ်" လို့ စစ်တပ်ခေါင်းဆောင်က ပြောပါတယ်။

အောက်ဆီဂျင် မလုံလောက်ဘူးဆိုတာဟာ Information အမှားတွေနဲ့ လူတချို့က ပွဲလန့်တုန်းဖျာခင်း နေကြတာလို့ သူကပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ နေ့စဉ်နဲ့အမျှ တိုးမြင့်လာနေပြီး ဆေးရုံ၊ ဆေးခန်းတွေကလည်း လက်ခံကုသပေးဖို့ အခက်အခဲတွေကြောင့် ကိုယ့်နေအိမ်မှာတင် ရောဂါဝေဒနာဒဏ် ခံစားရင်း အောက်ဆီဂျင်ပြတ်လပ်ကာ နေ့စဉ်သေဆုံးနေကြရတာပါ။

စစ်တပ်ခေါင်းဆောင်က အောက်ဆီဂျင် လုံလောက်တယ်ပြောပေမယ့် ဇူလိုင် ၁၃ ရက် ဒီနေ့ တစ်ရက်တည်း မှာတင် မန္တလေးမြို့မှာ သုံးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူနာ ၅၀ ဝန်းကျင်ဟာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ ရုပ်အလောင်းတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ပရဟိတ မင်းခေါင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။