မမိုးမြင့် ဈာပန မြန်မာအလုပ်သမား ထောင်နဲ့ချီတက်ရောက်

ကမ္ဘာလှည့်ခရီးသွားတွေ ၊ ဈေးဝယ်သူတွေနဲ့ စည်ကားနေတဲ့ ဘန်ကောက်မြို့လယ်ခေါင်က ဆီယမ်ပါရာဂွန် ဈေးဝယ်စင်တာမှာ အောက်တိုဘာ ၃ ရက်နေ့ညနေက ၁၄ နှစ်အရွယ် သေနတ်သမားလူငယ်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား မမိုးမြင့်ရဲ့ ဈာပနကို ဘန်ကောက်မြို့နဲ့ ၁၃ မိုင်ခန့်ဝေးတဲ့ နွန်ထဘူရီမြို့က Wat Phasuk ဘုန်းကြီးကျောင်းမှာ အောက်တိုဘာ ၈ ရက် မနေ့က ပြုလုပ်ခဲ့ပါတယ်။

ဈာပန အခမ်းအနားကို ကျန်ရစ်တဲ့ မိခင်နဲ့ ဆွေမျိုးတွေအပါအဝင်၊ ထိုင်းအစိုးရတာဝန်ရှိသူတွေ၊ ထိုင်းအလုပ်ရှင်နဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေ မြန်မာအလုပ်သမားတွေ တက်ရောက်ခဲ့ကြပါတယ်။

ဈာပန အခမ်းအနားမှာ မမိုးမြင့်ရဲ့မိခင် ဒေါ်ခင်ဝင်းကို ထိုင်းတရားရေးဌာနက ဘတ်ငွေနှစ်သိန်း ပေးအပ်ခဲ့ပါ တယ်။ ထိုင်း ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အကြီးအကဲ Ms. Thapanee က အခုဖြစ်ရပ်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်သူတွေ နဲ့ ထိုင်းနိုင်ငံကိုလာရောက် လည်ပတ်ကြသူတွေ အားလုံးရဲ့ လုံခြုံရေးကို မိမိတို့ အနေနဲ့ အထူးအလေးထားကြောင်း၊ ထိုင်းအစိုးရအနေနဲ့ ဒီဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် အထူးဂရုစိုက်ဆောင်ရွက်နေကြောင်းနဲ့ ထိုင်းနိုင်ငံတွင်းက လူတွေအားလုံး လုံခြုံမှုရစေဖို့ အကောင်းဆုံး ဆောင်ရွက်နေကြောင်း RFA ကို ပြောပါတယ်။

မမိုးမြင့်ရဲ့ အလုပ်ရှင်ကလည်း မမိုးမြင့်ဟာ သူအားထားရသူတစ်ဦးဖြစ်ကြောင်း၊ မမိုးမြင့် ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲရကြောင်း RFA ကို ပြောပါတယ်။

မမိုးမြင့်ဟာ စိတ်သဘောထားအလွန်ကောင်းမွန်ပြီး ကူညီချင်စိတ်ရှိသူ တစ်ဦးဖြစ်တဲ့အပြင် လူချစ်လူခင်များသူ တစ်ယောက် ဖြစ်တယ်လို့ သူနဲ့သိကျွမ်းတဲ့ မြန်မာအလုပ်သမားတိုင်းက ပြောကြပါတယ်။

မမိုးမြင့် အလုပ်လုပ်တဲ့ဆိုင်ရဲ့ ကပ်ရက်မှာ အလုပ်လုပ်တဲ့ ကိုစိုင်းဝဏ္ဏအောင်က ဝမ်းနည်းမိတယ်လို့ပြောပါတယ်။

သူ နဲ့ တစ်ရွာတည်းနေ ရပ်ဆွေရပ်မျိုးတွေကလဲ မမိုးမြင့်ဟာ ဆယ်တန်းအောင်ပြီး ၁၆ နှစ်အရွယ်ထဲက မိခင်ကိုလုပ်ကျွေးဖို့ ထိုင်းနိုင်ငံကို ထွက်သွားခဲ့တာဖြစ်ပြီး အခုလို ရုတ်တရက်သေဆုံးရတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်လို့ RFA ကို ပြောပါတယ်။

မမိုးမြင့် ရဲ့ ဈာပနကို တက်ရောက်လာတဲ့ ပအို့ဝ်တိုင်းရင်းသားတစ်ဦးကလည်း ကြားရတာ တိုင်းရင်းသားအချင်းချင်း စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။

Siam Paragon Shopping Mall ပစ်ခတ်မှုဖြစ်စဉ်တွင် ကျည်ထိမှန် သေဆုံးခဲ့သည့် မမိုးမြင့်၏ ဈာပနအခမ်းအနားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Photo : Reuters
Cremation ceremony of Moe Myint, a Burmese victim of the Thailand mall shooting, in Nonthaburi Siam Paragon Shopping Mall ပစ်ခတ်မှုဖြစ်စဉ်တွင် ကျည်ထိမှန် သေဆုံးခဲ့သည့် မမိုးမြင့်၏ ဈာပနအခမ်းအနားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Photo : Reuters (JORGE SILVA/REUTERS)

မမိုးမြင့် ဈာပန မကျင်းပခင် တစ်ရက်အလို စနေနေ့ကတော့ သေနတ်သမားလူငယ်ရဲ့ဖခင်က မမိုးမြင့်ရဲ့ ဈာပနကို တက်ရောက်ဂါရဝပြုခဲ့ပြီး မိခင်နဲ့ အလုပ်ရှင်ကို သူ့သားရဲ့ လုပ်ရပ်တွေအတွက် တောင်းပန်ခဲ့ပါတယ်။ မမိုးမြင့်မိခင်က လူငယ်ရဲ့ဖခင်ကို ခွင့်လွှတ်စကားပြောကြားခဲ့ပြီး ဒီလူငယ်ရဲ့မိဘတွေလဲ သူ့လိုပဲ သူ့သားအတွက် ဝမ်းနည်းကြေကွဲနေမှာပဲလို့ ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

လူငယ်ရဲ့ဖခင်က မမိုးမြင့်အတွက် နစ်နာကြေးပေးလိုကြောင်း ကမ်းလှမ်းခဲ့ပေမဲ့ မမိုးမြင့်မိခင်က ဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။

အဲဒီနေ့က ထိုင်းလူငယ်ရဲ့ပစ်ခတ်မှုကြောင့် မမိုးမြင့်နဲ့ တရုတ်နိုင်ငံသားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦး၊ လာအိုနိုင်ငံသားတစ်ဦး နဲ့ ထိုင်းနိုင်ငံသားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Siam Paragon Shopping Mall ပစ်ခတ်မှုဖြစ်စဉ်တွင် ကျည်ထိမှန် သေဆုံးခဲ့သည့် မမိုးမြင့်၏ ဈာပနအခမ်းအနားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Photo : Myanmar Embassy Bangkok
Siam Paragon Shopping Mall ပစ်ခတ်မှုဖြစ်စဉ်တွင် ကျည်ထိမှန် သေဆုံးခဲ့သည့် မမိုးမြင့်၏ ဈာပနအခမ်းအနားအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Photo : Myanmar Embassy Bangkok

ပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေအတွက် နစ်နာကြေးတွေ ပေးအပ်သွားမယ်လို့ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာထားသလို ထိုင်းတရားရေးဝန်ကြီးဌာနကလည်း သေဆုံးသူအတွက် နစ်နာကြေးအဖြစ် ဘတ်ငွေနှစ်သိန်းစီ ပေးမယ်လို့ ပြောဆိုထားတယ်။

သူ့ရဲ့အလုပ်ရှင်ကလည်း မမိုးမြင့်ရဲ့မိခင် အသက်ရှင်နေသရွေ့ကာလပတ်လုံး မမိုးမြင့်လစဉ်ထောက်ပံ့နေတဲ့ ဘတ်ငွေတစ်သောင်းခန့်ကို သူ့ကိုယ်စား ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။ အခင်းဖြစ်ပွားရာ ဆီယမ်ပါရာဂွန် ကုန်တိုက်ကလည်း သေဆုံးသူ နှစ်ဦးကို ထိုင်းဘတ်ငွေ ငါးသန်းစီ၊ ဒဏ်ရာရသူ ငါးဦးကို သုံးသန်းစီ ထောက်ပံ့သွားမယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြပါ တယ်။

သေနတ်သမားလူငယ်ကိုတော့ ထိုင်းရဲက ဖမ်းဆီးထားပြီး လူသတ်မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု အပါအဝင် အမှုငါးမှုနဲ့ တရားစွဲထားသလို ဘန်ကောက်မြို့က အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးနဲ့ သူ့ကို လက်နက်ရောင်းချတဲ့ သူသုံးယောက်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့သိရပါတယ်။