မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်က ဇနီးမောင်နှံကို လူမှားပစ်ခတ်သတ်ဖြတ်မိတဲ့အတွက် တောင်းပန်ကြောင်း မန္တလေး လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Tiger Force Mandalay အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီလို အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့မိတဲ့အတွက် တာဝန်ရှိတယ်လို့ ခံယူတာကြောင့် တစ်ချိန်မှာ ပြစ်ဒဏ်ခံယူသွားမယ်လို့လည်း ဆိုပါတယ်။
ဩဂုတ်လ ၂၃ ရက် မနေ့က ချမ်းအေးသာဇံမြို့နယ် လမ်း ၃၀၊ ၅၆ x ၆၇ လမ်းမှာ ဆိုင်ကယ်စီးနင်းလာတဲ့ ဦးစည်သူကိုကိုနဲ့ မဝေနှင်းလှိုင်တို့ကို စစ်ကောင်စီသတင်းပေး ဒလန်လို့ ယူဆပြီး အဲဒီအဖွဲ့က ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်တွင်း လျို့ဝှက်သတင်းပေးသူတွေရဲ့ အဆိုအရ အဲဒီ ဇနီးမောင်နှံ ပစ်သတ်ခံရတဲ့ နေရာနားမှာ CID ရဲမှူး တစ်ယောက်ရှိနေတယ်ဆိုတာကြောင့် အဲဒီရဲမှူးကို သုတ်သင်ရှင်းလင်းဖို့ မန္တလေးတော်လှန်ရေးအဖွဲ့က ကြံရွယ်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူ အသက် ၄၃ နှစ်အရွယ် ဦးစည်သူကိုကိုဟာ ဘေထုတ်ရောင်းဝယ်သူ ဖြစ်ပြီး၊ အသက် ၃၈ နှစ်အရွယ် မဝေနှင်းလှိုင်ဟာလည်း ဟိုတယ်ဝန်ထမ်း တစ်ယောက်ဖြစ်တယ်လို့ မန္တလေးမြို့ခံက ပြောပါတယ်။
လက်ရှိမှာတော့ ဦးစည်သူကိုကို နဲ့ မဝေနှင်းလှိုင်ရဲ့ ရုပ်အလောင်းတွေကို မန္တလေးမြို့က အေးရပ်ငြိမ်သုဿန်ကို ပို့ဆောင် သင်္ဂြိုလ်လိုက်တယ်လို့ ဒေသခံက ပြောပါတယ်။