မန္တလေးမြို့မှာ နေအိမ်သုံးရာကျော် ဖယ်ရှားခံရ
2025.01.21

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်သုံးရာကျော်ကို ကျူးကျော်နေထိုင်သူတွေလို့ဆိုပြီး စစ်ကောင်စီတပ်နဲ့ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဇန်နဝါရီ ၂၂ ရက် မနက်ဖြန် နောက်ဆုံးထားဖယ်ပေးဖို့ အသိပေးစာ ပို့ထားတယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ပြောပါတယ်။
ဖယ်ရှားခံရတဲ့နေရာတွေဟာ ပြည်ကြီးတံခွန်မြို့နယ် မြေတိုင်းအကွက် အမှတ် (၅၁၆-က) ဦးပိုင်အမှတ် ၁၅၆-က နဲ့ ၁၅၆-ခ ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်ရပ်ကွက်လုံး ဖျက်ရမှာဖြစ်တာကြောင့် အိမ်ထပ်ငှားဖို့ ရှာနေရပြီး ရှိတာတွေကို ပေါင်နှံရောင်းချနေရတယ်လို့ အဲဒီရပ်ကွက်မှာ အနှစ် နှစ်ဆယ်ကျော် နေထိုင်လာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“အခုတော့ ဒုက္ခရောက်နေတာပေါ့။ အိမ်လိုက်ငှားဖို့ လုပ်နေရတယ်လေ။ အိမ်ကလည်း ဒီရပ်ကွက်နဲ့ နီးနီးနားနားမှာ ငှားလို့မရဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ ဖယ်ပေးဖို့ စာတစ်ခါ လာချသွားဖူးတယ်။ ဒါပေမဲ့ အခြေအနေပြန်အေးသွားတော့ ရထားလမ်းဘေးမှာ တဲထိုးနေကြတာပေါ့”
စစ်ကောင်စီတပ်က ဖယ်ပေးဖို့ ပြောဆိုနေတဲ့ အိမ်ခြေသုံးရာခန့်ဟာ ပျံကျအလုပ်သမားတွေ နေထိုင်တဲ့ရပ်ကွက်ဖြစ်ပြီး နေထိုင်လာတာ နှစ်သုံးဆယ်ကျော်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့က ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဖျက်ခိုင်းတာတော့ ကြားတယ်။ ကျွန်တော့်ဆီမှာ အလုပ်လုပ်နေတဲ့ အလုပ်သမ နှစ်ယောက် သုံးယောက်လောက်လည်း အဲဒီဘက်မှာနေတာ။ တစ်ယောက်ဆို ဖျက်ရရင် နေစရာမရှိတော့လို့ သူ့မိဘတွေရှိတဲ့ ဧရာဝတီတိုင်းကို ပြန်တော့မယ် လုပ်နေတာ”
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
၂၀၂၄ ခုနှစ်၊ ဇွန်လတုန်းကလည်း ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်းအနီးက ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေနေရာမှာရှိတဲ့ ဆိုင်ခန်းတစ်ရာကျော် ဖယ်ရှားခံခဲ့ရပါတယ်။