ငါန်းမြာကြီးရွာခံ တစ်ရာနီးပါး ဖမ်းဆီးနှိပ်စက်ခံနေရပြီး တစ်ဦး သေဆုံး
2024.10.25
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က ပြန်လည်စီးနင်းထိန်းချုပ်ထားစဉ် ရွာသူရွာသား တစ်ရာနီးပါး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ရွာသားတချို့ကို စစ်ကောင်စီတပ်သားတွေက ရိုက်နှက်နှိပ်စက်တာကြောင့် ရွာသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပြောပါတယ်။
အသက် ၃၀ အရွယ် ကိုကရင်ကြီးဟာ ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာပဲ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဖမ်ဆီးခံနေရတဲ့ ဒေသခံ တစ်ရာနီးပါးထဲက ရွာသား ခြောက်ဦးဟာ အဲဒီနေ့က စစ်ကောင်စီ တပ်သားတွေလက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူတို့ ခြောက်ဦးမှာလည်း ခန္ဓာကိုယ်အနှံ့ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးထားရဆဲ ရွာခံတွေ ဆက်လက်နှိပ်စက်ခံနေရပြီး နောက်ထပ်သေဆုံးသူတွေလည်း ရှိနေတယ်လို့ ငါန်းမြာကြီးရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ ရွာကိုဝင်တဲ့ ပထမရက်မှာ ဖမ်းပြီးနှိပ်စက်တုန်းက လက်လွန်ပြီး တစ်ယောက် သေတာတော့ ရွာကနေ ထွက်ပြေးလာတဲ့သူတွေပြောလို့ အတည်ပြုလို့ရတယ်။ ဖမ်းဆီးပြီး နှိပ်စက်လို့ သေတာတွေ များတယ်လို့တော့ သိထားတယ်။ သက်ကြီးရွယ်အိုတွေပါမချန် သတ်ဖြတ်ပစ်တယ်လို့လည်း ကြားရတယ်။ ကျွန်တော့် အဖေဆိုရင် လမ်းတောင်မသွားနိုင်ဘူး။ အိမ်မှာ နေရစ်တာ။ အဲဒါ အဖေတောင် ဖမ်းထားတဲ့အထဲ ပါတယ်လို့လည်း ကြားရတယ်”
ဖမ်းဆီးနှိပ်စက်ခံရပြီး နောက်ထပ်သေဆုံးသူတွေရဲ့ ရုပ်လောင်းတွေကို ငါန်းမြာကြီးရွာက တာဘောင် (ဆည်မြောင်းဘောင်) ပေါ်မှာ လာရောက်စွန့်ပစ်ထားတယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နှစ်လခန့် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ငါန်းမြာကြီးရွာကို အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ ပူးပေါင်းစစ်ကြောင်းက အောက်တိုဘာလ ၂၁ ရက်နေ့မှာ စီးနင်းထိန်းချုပ်ခဲ့ပြီးနောက် အရပ်သားတွေလည်း ဖမ်းဆီးခံထားရတပါ။
အရပ်သားတွေ အများအပြား ဖမ်းဆီးခံထားရတာကြောင့် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာမှာဖြစ်ခဲ့တဲ့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေလိုမျိုး ထပ်မံကြုံတွေ့ရမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငါန်းမြာကြီးရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ပြန်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယအပတ်ထဲက စစ်ကြောင်းထိုးခဲ့တာပါ။
ငါန်းမြာကြီးရွာမှာ စစ်ကောင်စီတပ်က တပ်စွဲပြီးနောက် အနီးနားရွာတွေဖြစ်တဲ့ မိုးတောင်ရွာ အပါအဝင် ရွာငါးရွာက ဒေသခံ တစ်ထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။