မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ လေးရက်အတွင်းမှာ လူငယ် သုံးဆယ်ဝန်းကျင်ခန့် စစ်ကောင်စီတပ် ဖမ်းဆီးထားတယ်လို့ မြို့ခံတွေက ဇန်နဝါရီလ ၁၈ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ချမ်းမြသာစည်၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နဲ့ အောင်မြေသာစံ စတဲ့ မြို့နယ်တို့မှာ နေထိုင်တဲ့ ဒေသခံလူငယ်တွေ ဖမ်းဆီးခံထားရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံလူငယ်အမျိုးသား လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မျက်မြင်ကြုံခဲ့ရသူတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ကို မျက်နှာကို အိတ်အမည်းစွပ်ပြီး ကားပေါ်ခေါ်သွားတယ်။ လူတွေ့မှာ ကြောက်လို့ထင်တယ်။ ကားပေါ်ကိုတောင် အတင်းတွန်းတင်သွားတာ။ တစ်ယောက်က ဘယ်ဘက်လက်မောင်းမှာ တက်တူးအပြည့် ထိုးထားတာ တွေ့တယ်။ ဘိလိယက်ခုံကို ဝင်ပြီး ဘိလိယက်ထိုးနေတဲ့သူတွေကို ဖမ်းသွားတယ်လို့ ကြားပါတယ်"
ဖမ်းဆီးခံထားရတဲ့ လူငယ်လေးဦးရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလော မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာ နေထိုင်တဲ့ သက်လတ်နဲ့သက်ငယ်ပိုင်း အမျိုးသားတွေကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုပေါင်း ၁၁၆၀ မှုရှိခဲ့ပြီး ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။