ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်မှာ ဇူလိုင်လ ၁၉ ရက်ဒီနေ့ ပြုလုပ်နေတဲ့ (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရခဲ့ပါဘူး။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV ရုပ်သံလိုင်းက အာဇာနည်ဗိမာန်မှာ ပြုလုပ်နေတဲ့ အာဇာနည်နေ့ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး တက်ရောက်လာတာကို တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရပြီး ဒီနှစ်နဲ့ဆိုရင် အာဇာနည်နေ့အခမ်းအနား တက်ရောက်ခွင့်မရတာ သုံးနှစ်ရှိပါပြီ။
နေအိမ်အကျယ်ချုပ်ကျနေစဉ်ကာလ အရင်စစ်အစိုးရ လက်ထက်တွေတုန်းကတောင် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတွေကို လူကိုယ်တိုင် တက်ရောက်ခွင့်ရခဲ့တာပါ။
လက်ရှိမှာတော့ နေပြည်တော်အချုပ်ထောင်တွင်းက သီးသန့်အဆောင်အအုံတစ်ခုမှာ တစ်ဦးတည်းထားရှိပြီး အကျဉ်းကျခံနေရပါတယ်။
အာဇာနည်ခေါင်းဆောင် ကိုးဦး ကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့ အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ပြီး ရန်ကုန်မြို့မှာ လမ်းတွေပိတ်ဆို့ပြီး လုံခြုံရေးအများအပြားနဲ့ ပြုလုပ်နေတာပါ။
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့(NUG) ကတော့ အာဇာနည် မန်းဘခိုင်ရဲ့ မြေးဖြစ်သူ မန်းဝင်းခိုင်သန်း၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့မြေး ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းတို့ အပါအဝင် အာဇာနည်မျိုးဆက်တချို့နဲ့ အာဇာနည်နေ့ အခမ်းအနားကို ဒီနေ့ကျင်းပခဲ့ကြပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာလည်း အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။