မတ္တရာမြို့ ကင်းရွာမီးရှို့ခံရပြီး နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကင်းရွာကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေ မီးရှို့ခဲ့လို့ နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ပြန်ထွက်လာတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေး အဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွာကိုမီးရှို့သွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မိုင်းဆွဲပြီးတဲ့နောက်ပိုင်း ရွာထဲကို မီးပတ်ရှို့တာ။ မနက် ၉ နာရီလောက်ကနေ ညပိုင်းလောက်ထိ တစ်ချိန်လုံး ရှို့နေတာ။ အိမ်ခြေတစ်ရာကျော်သွားပြီ။ ဒီနေ့မနက် အစောကြီးမှာတော့ သူတို့ပြန်ထွက်သွားတယ်”

ဒေသကာကွယ်ရေးအဖွဲ့တွေကတော့ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့သလို မိုင်းဆွဲပါတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ Mahar Revolution Force (MRF)၊ တိုက်သိမ်းမြေအောက် တော်လှန်ရေးအဖွဲ့၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်မှုအရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို သူ့တို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားဖူးပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လမှာလည်း မတ္တရာမြို့နယ်ထဲကို စစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် မြွေပုသိမ်၊ မြွေကြည်ကုန်း၊ မြွေကူးတို့ဆိပ်၊ မြွေရွှေခဲ၊ ပိုဝ (မြောက်)၊ စိန်ပန်းကုန်း၊ မြွေခလ၊ မြွေရေယာဉ်နဲ့ မြွေတလိုင်းရွာက နေအိမ်တချို့ မီးရှို့ခံခဲ့ရသလို ဒေသခံတွေလည်း ထွက်ပြေးခဲ့ရတယ်လို့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။

မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း တစ်နိုင်ငံလုံးမှာ နေအိမ်ပေါင်း ၆၀,၄၅၉ လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။