မတူပီမြို့နယ်မှာ ကျေးရွာခြောက်ရွာက ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ

RFA Burmese
2023.04.06
မတူပီမြို့နယ်မှာ ကျေးရွာခြောက်ရွာက ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေးနေရ မတူပီမြို့ နယ်ရှိ မီးလောင်နေသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ချင်းပြည်နယ် မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းမကြီးဘေးမှာရှိတဲ့ ကျေးရွာခြောက်ရွာက ဒေသခံ ၁၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

တွီးရှစ်၊ ဝလံပီး၊ ဝါပုန်း၊ ကလား ၊ ဝလံတဲ၊ ဆုဆင်း စတဲ့ ကျေးရွာက ဒေသခံတွေဟာ နီးစပ်ရာ တောတောင်ထဲမှာ တိမ်းရှောင်နေရတာ အချိန်နှစ်ပတ်ကျော်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မတူပီမြို့နယ် ထယ်ဘွေးစခန်းကို ရိက္ခာ၊ အင်အားဖြည့်တင်းဖို့အတွက် စစ်ကောင်စီတပ်က မတ်လ ၂၀ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာခဲ့ပေမယ့် ဒေသကာကွယ်ရေးအဖွဲ့ တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှု တွေကြောင့် ထယ်ဘွေးစခန်းကို မရောက်နိုင်သေးဘူးလို့ မတူပီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါ တယ်။

"စစ်ကောင်စီတပ်တွေ ထိုးစစ်ကြောင့် မတူပီနဲ့ ပလက်ဝကြားကားလမ်းဘေးက ကျေးရွာ ခြောက်ရွာ ထွက်ပြေး နေရတယ်။ လူတွေထွက်ပြေးတော့ အခုနေအိမ်တွေ မီးရှို့ခံနေရ တယ်။ စစ်ကောင်စီတပ်တွေ အသေများတဲ့ အခါမှာ ရွာတွေကို မီးရှို့တယ်"

အဲဒီစစ်ဘေးဒုက္ခသည်အများစုဟာ ၀မ်းပျက်၀မ်းလျှောရောဂါ ခံစားနေရတာကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူ တွေက ပြောပါတယ်။

မတူပီမြို့ကနေ ၃၅ မိုင်လောက်ဝေးတဲ့ ထယ်ဘွေးစခန်းကို အချိန် နှစ်ရက်လောက်သာ သွားရပေမယ့် ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ် ဟာ မတ်လ ၂၀ ရက်နေ့ကနေ ဒီကနေ့ ဧပြီ ၆ ရက်နေ့အထိ ထယ်ဘွေးစခန်းကို မရောက် နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မတူပီမြို့ကနေ အင်အား ၁၅၀ ၀န်းကျင်နဲ့ စစ်ကြောင်းထွက်ခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် သေဆုံးတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်ရှိတယ် CDF မတူပီအဖွဲ့က ပြောပါတယ်။ ဒီအရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

မတ်လ ၃ ရက်နေ့မှာ ကလားရွာက နေအိမ် ၃၀ ကျော်ကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့ပြီး ဝလံတဲရွာနဲ့ ဆုဆင်းရွာ ကိုလည်း စစ်ကောင်စီက မီးရှို့တာကြောင့် စာသင်ကျောင်း အပါအ၀င် နေအိမ် ၂၀ ခန့် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာမရှိသေးသလို ချင်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။

စစ်တပ်အာဏာသိမ်းတဲ့ နောက်ပိုင်း ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ရှိနေပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။