မောင်တောမှာ စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် နေရပ်ပြန်
2025.01.28

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် အခုဇန်နဝါရီအတွင်းမှာ နေရပ်ပြန်လာကြပြီလို့ မောင်တောမြို့ခံတွေက RFA ကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြောပါတယ်။
မောင်တော မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)၊ (၇) နဲ့ ရွှေဇား၊ အောင်ဗလ စတဲ့ ရပ်ကွက်တွေက ရခိုင်နဲ့ ရိုဟင်ဂျာ ၄၆၀၀ ကျော် နေရပ်ပြန်လာကြတာလို့ မောင်တော ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု အာရက္ခတပ်တော်က မြို့ထဲမှာ ပြန်ပြီးနေထိုင်ခွင့်ပြုတာပါ။ မိုင်းတွေလည်း ရှင်းပြီးပြီဆိုတော့လေ။ လောလောဆယ် ကျွန်တော်တို့ သိရသလောက်တော့ ရခိုင် နှစ်ထောင်လောက်နဲ့ မွတ်စလင် သုံးထောင်လောက် မြို့ထဲကို ရောက်နေပြီလို့ သိရတယ်”
မောင်တောမြို့ထဲ ပြန်လည် နေထိုင်လိုသူတွေကို ဇန်နဝါရီ ၁ ရက်နေ့ကစလို့ တဖြည်းဖြည်းချင်း ဝင်ခွင့်ပြုနေတာဖြစ်ပြီး မြို့ပေါ်မှာ AA တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ပေးထားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း လေကြောင်းသုံး ဗုံးကြဲခံရတာနဲ့ လက်နက်ကြီးဒဏ်ကြောင့် မြို့ပေါ်နေအိမ် အများအပြား ပျက်စီးသွားပြီး ပြန်လည်ထူထောင်ရေးနဲ့ လတ်တလော စားဝတ်နေရေးအတွက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောဒေသခံတွေ နေရပ်ပြန်တာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အချိန်တစ်လခန့်အကြာမှာ ဒေသခံတွေကို ပြန်လည်နေထိုင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။