မောက်မယ်မှာ မိုးကြီးရေလျှံပြီး လမ်းနဲ့ တံတားတချို့ ထပ်မံပျက်စီး
2024.11.08
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့က မိုးသည်းထန်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်တာကြောင့် ဒေသခံတချို့ ရေလွတ်ရာ ပြောင်းရွှေ့နေကြရသလို အရင်ရေဘေးကြုံရတုန်းက ပြင်ဆင်ထားတဲ့ လမ်းနဲ့ တံတားတချို့လည်း ထပ်မံပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တံတားကျိုးတာနဲ့ လမ်းပျက်တာတွေကြောင့် မောက်မယ်-မိုးနဲ လမ်းနဲ့ လွိုင်လင်-မိုင်းပွန် လမ်းတွေလည်း ပိတ်ထားလိုက်ရပြီလို့ ဆိုပါတယ်။
မောက်မယ်မြို့ပေါ်မှာတော့ ရပ်ကွက်ချင်းဆက်ထားတဲ့ ဆီဆုံ (သစ်သား) တံတားပျက်စီးသွားပြီး ဈေးတန်း၊ ကွန်ကျိုင်း၊ မွေတော်နဲ့ တောင်မြို့ ရပ်ကွက်တွေထဲ ရေဝင်နေတာကြောင့် ရေလွတ်ရာပြောင်းရွှေ့နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုပြောင်းရွှေ့လိုက်ရတာကတော့ နိုဝင်ဘာလ ၆ ရက်နေ့ညက တစ်ညလုံးနဲ့ ၇ ရက်နေ့ တစ်မနက်လုံး ရွာလိုက်တဲ့မိုးကြောင့် ရပ်ကွက်တွေထဲ ရေတွေလိမ့်ဝင်လာလို့ ဘေးလွတ်နိုင်တဲ့ နီးစပ်တဲ့ အမြင့်ပိုင်းလောက်ပဲ ပြောင်းရွှေ့နေလိုက်ကြတာပါ။ အခုမှ ပြောင်းရွှေ့ရတာ မဟုတ်ပါဘူး။ ရေတွေကြီးလာတိုင်း၊ ချောင်းကရေတွေ လျှံလာတိုင်း အမြဲပြောင်းပြောင်းနေရတာ ဘယ်နှစ်ကြိမ်မှန်းတောင် မသိတော့ပါဘူး။ အခုပုံစံအတိုင်း ဆက်ရွာနေရင် မြို့အရှေ့ဘက်မှာရှိတဲ့ နမ့်ယွန်းချောင်းက စိုးရိမ်စရာရှိတယ်”
ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်းမှာ ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့ရပြီး အပျက်အစီးတွေကို ပြင်ဆင်လို့ မပြီးသေးခင်မှာပဲ အခုလို ရေဘေးထပ်ကြုံရတာလို့ သူက ပြောပါတယ်။
အရင် ရေဘေးတုန်းကတော့ လမ်း၊ တံတားတွေအပြင် ဘုရားစေတီတချို့ပါ ပျက်စီးခဲ့ပြီး စပါး၊ ပြောင်း၊ နှမ်းနဲ့ မောက်မယ်ရှောက်ချိုသီး စတဲ့သီးနှံစိုက်ပျိုးထားတဲ့ စိုက်ဧကတစ်ရာကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောက်မယ်မြို့အပြင် တောင်ကြီး၊ ဆီဆိုင်၊ နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ ညောင်ရွှေ၊ အင်းလေးနဲ့ ကလောတို့မှာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၈ ရက်နေ့ ဒီနေ့အထိ မိုးအဆက်မပြတ်ရွာနေပြီး အင်းလေးကန်မှာလည်း ရေလေးလက်မနီးပါး အထိတက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာနဲ့ အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ ရေကြီးရေလျှံမှုမှာ လူဦးရေ တစ်သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးမြေဧက တစ်သန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာ ၃၁ ရက်နေ့ မှာ ထုတ်ပြန်ပါထားပါတယ်။