မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇူလိုင်လ ၁၉ ရက်နေ့က စံချိန်တင် မိုးရွာတာကြောင့် ရေကြီးရေလျှံပြီး ကလေး သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ရေနစ်သေသွားသူတွေက အသက် ၁၂၊ ၁၃ နှစ်နဲ့ တစ်နှစ်ခွဲအရွယ်တွေဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ကိုဘိုဘိုဝင်း က RFA ကို ပြောပါတယ်။
“ပထမ ကလေးတစ်ယောက်သေတယ်၊ နောက်ဘောလုံးဆယ်ရင်း နှစ်ယောက် သေတယ်၊ စုစုပေါင်း ကလေး သုံးယောက် သေတယ်၊ သီရီမင်္ဂလာက တစ်ယောက်၊ သီရီမြိုင်က တစ်ယောက်၊ စျေးချိုက တစ်ယောက် ရေနစ်သေကြတာ”
မော်လမြိုင်မြို့မှာ ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ မိုးကြီးခဲ့ပြီး သီရိမြိုင်၊ ဇေယျာမြိုင်၊ စျေးချိုတောင်ဝိုင်း၊ ဇေယျာရပ်ကွက် (၁)၊ ရပ်ကွက် (၂)နဲ့ ဇေယျာရပ်ကွက် (၃) တွေမှာ ရေကြီးရေလျှံခဲ့တာပါ။
အနိမ့်ပိုင်းရပ်ကွက်က နေအိမ်တွေ ရေမြုပ်လို့ ကယ်ဆယ်ရေးစခန်း လေးခု ဖွင့်ပြီး လူ ၆၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း လူမှုရေးအဖွဲ့တွေက ပြောကြပါတယ်။
မော်လမြိုင်မြို့မှာ မိုးရေချိန် ၂၂ လက်မကျော်အထိ မိုးရွာခဲ့ပြီး ဒါဟာ နှစ်ပေါင်း ၇၀ ကျော်မှာ အများဆုံးစံချိန်ဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။