အောင်မြေသာစံ ဖက်ဒရယ်ကျောင်း တာဝန်ခံ ထောင်နှစ် ၂၀ ချမှတ်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာသင်ကြားရေးကျောင်းဖြစ်တဲ့ အောင်မြေသာစံ ဖက်ဒရယ်ကျောင်း (Federal School Of Aung Myay Thar Zan) တာဝန်ခံ ဆရာမ ဒေါ်အိရွှေစင်မြင့်ကို မန္တလေး အိုးဘိုထောင်တွင်းတရားရုံးကနေ ဇူလိုင်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ်နှစ် ၂၀ ချလိုက်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စွပ်စွဲထောင်ချတာဖြစ်ပြီး ပုဒ်မအတိအကျကိုတော့ မသိရသေးဘူးလို့ မန္တလေးမြို့ CDM ကျောင်းဆရာမတစ်ဦးက RFA ကို ပြောပါတယ်။

“အနှစ် ၂၀ ချလိုက်တာ သေချာတယ်။ ပုဒ်မတွေကို ပြန်မေးထားတယ်”

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ ညနေပိုင်းက ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင်မြင့် အပါအဝင် ဆရာမလေးဦးဟာ မန္တလေးမြို့က နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရသလို အဲဒီကျောင်းမှာ ပညာသင်ကြားပေးတဲ့ ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၁၅ ဦးအထိ ဆက်တိုက်ဖမ်းဆီးခံခဲ့ရတာပါ။

လက်ရှိ ကျောင်းတာဝန်ခံ ဒေါ်အိရွှေစင်မြင့်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာသိရပေမယ့် ကျန် ၁၄ ဦးရဲ့ အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆရာ၊ ဆရာမတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်းစာမှာတော့ NUG ရဲ့ စေခိုင်းချက်အရ တရားမဝင်စာသင်ကြားမှုမှာ ပါဝင်နေတာကြောင့် ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။

ငွေကြေးထောက်ပံ့သူတွေ၊ ပူးပေါင်းပါဝင်ဆောင်ရွက်သူတွေအပြင် ကျောင်းအပ်တဲ့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုပါ ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ပါရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်က ပညာရေးစနစ်ကို သပိတ်မှောက်ထားတဲ့ နိုင်ငံတစ်ဝန်းက ကျောင်းသူ၊ ကျောင်းသားတွေအတွက် NUG အစိုးရ ပညာရေးဝန်ကြီးဌာနက ကြားကာလ ပညာသင်ကြားရေးကျောင်းတွေကို CDM ပညာရေးဝန်ထမ်းတွေနဲ့ ဖွင့်လှစ်သင်ကြားနေတာပါ။

အောင်မြေသာစံ ဖက်ဒရယ်ကျောင်းကတော့ ၂၀၂၂ ခုနှစ်၊ အစောပိုင်းကတည်းက အွန်လိုင်းစနစ်နဲ့ ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီကျောင်းမှာ စစ်ကောင်စီပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အတန်းစုံပညာ သင်ကြားပေး‌နေတယ်လို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

ဒါပေမဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ကျောင်းကိုပိတ်လိုက်ရတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၈ ရက်နေ့အထိ စာရင်းအရ နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၁၉၅၃၅ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ၆၈၅၉ ဦးကတော့ ထောင်ချခံထားရပါတယ်။