မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းနားနဲ့ ကုမ္ပဏီပိုင် နေရာ တွေမှာ WeChat ဝီချက် အသုံးပြုပြီး ကျောက်မျက် ရောင်းဝယ်နေသူ ၃၀၀ ကျော်ကို စစ်ကောင်စီက မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ ၅၂ (ခ) ၊ ၅၄ အရ လိုင်စင်မရှိဘဲ လုပ်ကိုင်တယ်ဆိုတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက် ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်က သူတို့ကိုဖမ်းဆီးခဲ့ပြီး မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်းမှာ အမှုဖွင့်ထားကာ အိုးဘိုထောင်ကို ပို့လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင် တစ်ယောက် က RFA ကို ပြောပါတယ်။
“အဲဒီနေ့က စစ်သားတွေရောက်လာပြီး ကျောက်ဝိုင်းတစ်ခုလုံး ပိတ်လိုက်တယ်။ ဝိုင်းထဲကသူတွေကိုတော့ မဖမ်းဘူး၊ တရုတ်နိုင်ငံနဲ့ ဝီချက်ကနေ ရောင်းနေတဲ့သူတွေကို ဖမ်းသွားတာ။ ဝိုင်းထဲကနေ ဝီချက်နဲ့ ရောင်းလို့ရတဲ့ နေရာကို သွားပြတဲ့သူတွေလည်း ဝင်ဖမ်းတဲ့အချိန် ပါသွားတာပေါ့၊ သုံး လေးနေရာလောက် ရှိမယ် ဝင်ဖမ်းတာ ’’
ကိုဗစ်ဖြစ်လို့ ကျောက်ဝိုင်း ပိတ်ထားလိုက်ကတည်းက ကျောက်ဝိုင်းအပြင်မှာ ဖြစ်သလို ရောင်းနေကြရာကနေ ခုချိန်ထိ အကျင့်ပါနေကြတာဖြစ်ပြီး ကျောက်ဝိုင်းထဲမှာလည်း ဗုံးတွေပေါက်ခဲ့ဖူးတယ်လို့ လည်း ပြောပါတယ်။
အဖမ်းခံရသူတွေထဲမှာ တရုတ်နိုင်ငံသား ၂၀ ကျော်လည်းပါနေပြီး အမှု့ဖွင့်ခံရတဲ့ အဲဒီ ပုဒ်မတွေအရဆိုရင် ထောင်ဒဏ် သုံးနှစ် သို့မဟုတ် တစ်နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကိုင်းမြို့က ဘော်ဂါကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းမှာ လူ တစ်ရာ လောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မန္တလေး အိုဘိုထောင်ကို ပို့ထားလို့ မြို့နယ် နှစ်ခုပေါင်းမှာ လူပေါင်း ၄၀၀ ကျော် ရှိနိုင်တယ်လို့ ဆိုကြပါတယ်။
စစ်ကောင်စီဟာ နေပြည်တော်၊ မဏိရတနာခန်းမမှာ ကျောက်စိမ်းအတွဲတွေကို ဒီဇင်ဘာ ၂၀ ကနေ ဒီကနေ့ ၂၂ ရက်နေ့အထိ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချနေပါတယ်။
အခုလို ကျောက်ရောင်းဝယ်ရေး လုပ်တဲ့သူတွေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။