တိုက်ပွဲတွေကြောင့် ကုန်စည်တင်ဆောင်ခ မြင့်တက်


2017.03.16
muse-mdy-truck-620.jpg မန္တလေး - မူဆယ်ကားလမ်းမှာ သွားလာနေတဲ့ ကုန်တင်ကားတွေကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းမြောက်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပြီး လုံခြုံရေးအခြေ အနေစိုးရိမ်တဲ့အတွက် ကုန်စည်တင်ဆောင်ခတွေ မြင့်တက်လာနေတယ်လို့ မူဆယ်နမ့်ခမ်းနယ်စပ် ကုန်သည်ကြီး များအသင်း အလုပ်အမှုဆောင် ဦးချမ်းသာဦးက ပြောပါတယ်။

မန္တလေး-မူဆယ်ကို အရင်ရက်က ကုန်ကျစ်တစ်ပိဿာကို ပို့ခ ၆၅ ကျပ်သာ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ တစ်ပိဿာကို ပို့ခ ၈၅ ကျပ်ထိ ဖြစ်ခဲ့ပြီး ကုန်တင်တွဲကားတစ်စီးကို အရင်က ပို့ခ ၁၃ သိန်းခွဲ ကုန်ကျပါက ဒီရက်ပိုင်းမှာတော့ ၁၇ သိန်းဝန်းကျင် ကုန်ကျလာတာဖြစ်တယ်လို့ ဦးချမ်းသာဦးက ပြောပါတယ်။

"အခုဆိုရင် ကားတွေက လမ်းကြောင်းမှာ ဆက်ကြေးတွေပေးရတဲ့အတွက် မတက်ရဲတဲ့ကားတွေရှိတယ်၊ တစ်အချက်က ကားခဈေးနှုန်းတွေ မြင့်တက်လာတယ်၊ အရင်က ပုံမှန်အားဖြင့် တစ်ပိဿာကို ၆၅ ကျပ် ၇၀ ဖြစ်နေတဲ့အနေအထားမှာ အခု ၈၅ ကျပ်ဖြစ်လာတယ်၊ တစ်စီးလုံးအနေအထားမှာ မန္တလေး-မူဆယ်ကို တွဲကားတစ်စီး ၁၃ သိန်းခွဲလောက်ရှင်းပေးရတဲ့နေရာမှာ ၁၇ သိန်းလောက်ရှင်းပေးရတဲ့ အနေအထားဖြစ် သွားတယ်၊ ပြီးရင် လမ်းခရီးမှာစိတ်ပူပန်ရတာနဲ့ ဒီပစ္စည်းတွေက ပျက်စီးဆုံးရှုံးမလား တစ်ခုခုဖြစ်သွား မလားဆိုတဲ့ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးမှုဖြစ်လာတယ်၊ ဒီဘက်မှာကုန်စည်စီးဆင်းမှုက နည်းသွားတာပေါ့"

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတချို့ဖြစ်တာ၊ ကွတ်ခိုင်နဲ့ နမ့်ဖတ် ကာကြားမှာ လက်နက်ကိုင်အဖွဲ့တချို့က ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကို တားဆီးပြီး ကားသမားတွေ ဆီက ငွေကြေးနဲ့ ဖုန်းတွေတောင်းယူပြီး ကားဘီးတွေကို သေနတ်နှင့်ပစ်ဖောက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ကုန်တင်ပို့မယ့် ကားတွေက လုံခြုံရေးအခြေအနေအရရော၊ ယာဉ်ပိတ်ဆို့ မှုတွေကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန်ကြာတာတွေကြောင့်ပါ ကုန်ပို့မထွက်တော့ပဲ ရပ်နားထား တာကြောင့် ကုန်ပို့ခတွေက မြင့်တက်လာတာဖြစ်ပါတယ်။

ပုံမှန်ဆိုရင် အခုရာသီက တရုတ်ကို ကုန်ပို့ရများတဲ့ ရာသီဖြစ်ပေမယ့် အခုလိုဖြစ်စဉ်တွေကြောင့် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်ကို ကုန်ကားအဝင်လည်း အရင်ထက် ထက်ဝက်ခန့်လျော့နည်းသွားတယ်လို့ မူဆယ်မြို့က ကုန်သည်တွေကပြောပါတယ်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကို TNLA , MNDAA, KIAနှင့် AA ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကုန်သွယ်ရေးကို ငါးရက်ကြာ ရပ်တန့်ခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ဒီဇင်ဘာလကစပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတချို့မှာ တပ်မတော်က လုံခြုံရေးယူ ခဲ့ပြီးနောက် ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။