မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူတစ်ဦးကို ဧပြီလ ၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၃ ရက်ညနေပိုင်း ဦးဝင်းကျော်ရဲ့နေအိမ်ကို စစ်ကောင်စီတပ်သားတွေ အိမ်စီးကားနှစ်စီးနဲ့ ရောက်လာပြီး ပုန်းရှောင်နေတဲ့ NLD ပါတီဝင် ဇနီးသည်အကြောင်းမေးမြန်းပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတာလို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“သူကတော့ ပါတီဝင် မဟုတ်ဘူး။ သူ့အမျိုးသမီးကတော့ NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ၊ ရှောင်နေရတာ။ အဲဒါကို ဒါဝင်းကျော်တို့ အိမ်လားဆိုပြီး ဝင်လာပြီး သူ့မိန်းမအကြောင်း မေးတယ်။ ဖုန်းနံပါတွေ တောင်းတယ်။ ဒါကို သူက မပေးတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူ့ကို သေနတ်နဲ့ပစ်ဖမ်းတာ။ ပေါင်ကိုနှစ်ချက်၊ ပုခုံးကို တစ်ချက်။ သေနတ်ဒင်တွေ နဲ့လည်း ခေါင်းကိုထုတယ်။ ကားပေါ် ဆောင့်ကန်ပြီး တင်သွားတယ်။ နောက်ရက် ကျတော့ အလောင်းလာထုတ်ခိုင်းတယ်”
အသက် ၄၀ အရွယ် ဦးဝင်းကျော်ကို ဖမ်းဆီးသွားချိန်က မန္တလေးနန်းတွင်း စစ်ကြေားရေးကို ခေါ်သွားတာဖြစ်ပြီး သေဆုံးသွားချိန်မှာတော့ မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ အလောင်းပြန်လာထုတ်ခိုင်းတာလို့ ဆိုပါတယ်။
အလောင်းပြန်ရချိန် ဦးဝင်းကျော်ရဲ့ မျက်နှာ၊ ကျောကုန်းနဲ့ ဦးခေါင်းတွေမှာ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ အညိုအမဲစွဲ ဒဏ်ရာတွေကို တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုခြင်း မရှိပါဘူး။
ဧပြီလ ၃ ရက်မနက်ပိုင်းက (ဆ) ရပ်ကွက်ရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန် ပစ်သတ်ခံရပြီးနောက် ညနေပိုင်းမှာတော့ အဲဒီအမှုနဲ့ဆက်စပ်စွပ်စွဲပြီး ဦးဝင်းကျော် ဖမ်းဆီးခံရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ အဲဒီပစ်ခတ်မှုဟာ ဦးဝင်းကျော်နဲ့ သက်ဆိုင်မှုမရှိဘဲ အကြောင်းရှာ စွပ်စွဲဖမ်းဆီးခံရတာလို့လည်း (ဆ) ရပ်ကွက်မှာ နေထိုင်သူတွေက ဆိုပါတယ်။
မန္တလေးမှာ တော်လှန်ရေးလှုပ်ရှားမှုလုပ်နေတဲ့ အောင်စည်တော်စစ်ဆင်ရေး (AST-MDY) အဖွဲ့ကတော့ (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူတို့အဖွဲ့က ပစ်သတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
CMD တပ်ကြပ်ကြီး ကျော်ကျော်ကတော့ နန်းတွင်းစစ်ကြောရေးစခန်းမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သံသယရှိလို့ ဖမ်းဆီးထားသူတွေကို နည်းမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်နေတာကို ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ ၂၀၂၃ ခုနှစ်၊ မတ်လကုန်မှာ RFA ကို ထုတ်ဖော်ပြောဆိုထား ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၄ ရက်နေ့အထိ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၃၂၁၁ ဦး သေဆုံးခဲ့ရပါတယ်။