NLD မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင် ထောင်သုံးနှစ် ချမှတ်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင် ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဦးလွင်မောင်မောင်ဟာ ဖခင်ဖြစ်သူ ဆုံးပါးသွားတဲ့အတွက် တစ်ဦးတည်းကျန်နေတဲ့ မိခင်ဖြစ်သူနဲ့အတူ မိတ္ထီလာမြို့က မိဘနေအိမ်မှာ ရှိနေစဉ် ဧပြီလ ၂၈ ရက်ညပိုင်းမှာ စစ်ကောင်စီက လာရောက်ဖမ်းဆီး သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

“CDM တွေကို ကူညီပေးတယ်ဆိုပြီး စွဲတာ။ စဖမ်းခံလိုက်ရကတည်းက ကိုဗစ်ကြောင့် ကွာရန်တင်း ၁၄ ရက် ဝင်ရတာ။ ၁၄ ရက်ပြည့်တာနဲ့ တစ်ခါတည်း တစ်ရက်တည်းအပြီးစစ်ပြီး ထောင်ချလိုက်တာ။ အဲဒီတစ်ရက်ပဲ မိသားစုနဲ့ တွေ့ခွင့်ရခဲ့တယ်။ အမိန့်ချတာကတော့ ထောင်တွင်းတရားရုံးကပဲချတာ“

ဦးလွင်မောင်မောင်ဟာ လတ်တလောမှာတော့ မိတ္ထီလာအကျဉ်းထောင်မှာ အဖမ်းခံထားရပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွေကို ပိတ်သိမ်းတာ၊ ပါတီဝင်တွေကို ဖမ်းဆီးတရားစွဲထောင်ချတာတွေ ဆက်တိုက်ပြုလုပ် နေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ ဇွန် ၁၄ ရက်နေ့အထိဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီဝင် ၂၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ပါတီနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။