အိုးဘိုထောင်မှာ အကျဉ်းသားတွေ အရေပြားရောဂါ ခံစားနေရ

RFA Burmese
2024.11.08
အိုးဘိုထောင်မှာ အကျဉ်းသားတွေ အရေပြားရောဂါ ခံစားနေရ မန္တလေးမြို့၊ အကျဉ်းထောင်ရှေ့ မြင်ကွင်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
RFA

မန္တလေးမြို့ အိုးဘိုထောင်မှာ လျှပ်စစ်မီး ပြတ်တောက်တာကို အကြောင်းပြပြီး ရေသုံးတာကို ကန့်သတ်ထားတာကြောင့် အကျဉ်းသားတွေ အရေပြားရောဂါ ဆိုးဆိုးရွားရွားခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အိုးဘိုထောင် အကျဉ်းဆောင်တွေမှာ အစကတည်းက သတ်မှတ်လူဦးရေထက် ပိုပြီး ထားတဲ့အပြင် ရေလုံလုံလောက်လောက် မသုံးရတာကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိဘဲ နောက်ဆက်တွဲအနေနဲ့ ပွေး၊ ဝဲ၊ ယားနာ ဖြစ်တဲ့သူ ပိုများလာလို့ PPNM ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“လက်ရှိအခြေအနေမှာ မီးမလာတာကို အကြောင်းပြပြီး ရေမရဘူးပေါ့၊ ရေမရတာကို ကြောင်းပြပြီး ရေချိုးခွင့်၊ သုံးစွဲခွင့်တွေ ကန့်သတ်ခံရတဲ့အချိန်မှာ ပွေး၊ ဝဲ၊ ယားနာ စတဲ့ အရေပြားရောဂါတွေ ပိုဆိုးစေပါတယ်၊ အကျဉ်းသားတွေကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် ထောင်အာဏာပိုင်တွေက အပြည့်အဝတာဝန်ယူရမှာ ဖြစ်ပါတယ်”

ထောင်ပုံစံနဲ့ အကျဉ်းသားတစ်ဦးကို ရေ ဆယ်ခွက်ကနေ နှစ်ဆယ်ကြားသာ ခွက်ရေနဲ့ ချိုးနေရသလို အဝတ်အစားလျှော်ဖွပ်ရာမှာလည်း ရေသုံးတာကို ကန့်သတ်ထားတာကြောင့် အနံ့အသက်ပျောက်ရုံသာ လျှော်ဖွပ်နေရတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် အိမ်သာရေ မလုံလောက်တာကြောင့်လည်း အကျဉ်းသား၊ အကျဉ်းသူတွေ အခက်တွေ့နေရပြီး နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်လာတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။ အရေပြားရောဂါဖြစ်ပွားနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာလည်း ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသူ တစ်ရာကျော် အရေပြားရောဂါ ကူးစက်ခံနေရပြီး ဆေးကုသခွင့်လည်းမရတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၁,၀၉၇ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲမှာ ကိုးထောင်ကျော် (၉,၄၉၉ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။