မြန်မာ့စီးပွားရေးဘဏ်ကို ဒဏ်ခတ်ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆို
2024.11.19
မြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းကို အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနကို မြန်မာ့အရေးလှုပ်ရှားသူတွေက စာတစ်စောင် ပေးပို့တောင်းဆိုလိုက်တယ်လို့ ရိုက်တာသတင်းက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။
ဒါဇင်နဲ့ချီတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စာရေးသားပေးပို့ခဲ့တာဖြစ်ပြီး အဲဒီတောင်းဆိုစာကို လက်ခံရရှိကြောင်း နိုင်ငံခြားရေးဌာနက အတည်ပြုပြောထားပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံခြားဘဏ်တွေ၊ လေယာဉ်ဆီနဲ့ လက်နက်ပွဲစားတွေဆီကနေရတဲ့ ငွေတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဆက်လုပ်နိုင်နေတယ်လို့ စာပေးပို့တဲ့ အထဲမှာပါတဲ့ ရိုဟင်ဂျာအရေးအပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ Simon Billenness က ပြောပါတယ်။
အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ စစ်ကောင်စီပိုင်ဘဏ်နှစ်ခုကို အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် မြန်မာစစ်တပ်ဟာ စီးပွားရေးဘဏ်ကို ပြောင်းသုံးပြီး နိုင်ငံခြားငွေသန်းနဲ့ချီ လက်ခံရရှိနေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်မှာ ထောက်ပြထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ရာထူးတာဝန် စယူချိန်မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာပါ။
သမ္မတ ဘိုင်ဒင်လက်ထက်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာအစိုးရပိုင် ဒေါ်လာငွေတစ်ဘီလီယံကို ထိန်းချုပ်လိုက်ပြီး စစ်ခေါင်းဆောင်တွေအပါအဝင် သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်သူတွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။
လာမဲ့ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ဂျိုးဘိုင်ဒင် သမ္မတနေရာကနေ ဆင်းပေးရတော့မှာဖြစ်ပေမဲ့ ဒီမိုကရက်ရော၊ ရီပါဘလီကန်ပါတီတို့ကပါ အဲဒီဒေါ်လာငွေ တစ်ဘီလီယံကို စစ်ကောင်စီလက်ထဲ အရောက်ခံမှာမဟုတ်ဘူးလို့လည်း သတင်းကဖော်ပြပါတယ်။
သမ္မတဘိုင်ဒင်အနေနဲ့ရာထူးက မဆင်းခင် မြန်မာ့စီးပွားရေးဘဏ်ကို အရေးယူဒဏ်ခတ်စေချင်တယ်လို့လည်း Simon Billenness က ပြောပါတယ်။