သတင်းထောက်တွေကိုဖိနှိပ်မှု ကုလလူ့အခွင့်အရေးကော်မရှင် အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံမှာ သတင်းထောက်တွေနဲ့ မီဒီယာတွေကို ဥပဒေမျိုးစုံသုံးပြီး ဖိနှိပ်နေတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အခက်အခဲဖြစ်စေတယ် ဆိုတဲ့ အစီရင်ခံစာသစ်တစောင်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် OHCHR က စက်တင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်းထောက်တွေ၊ သတင်းရင်းမြစ် ထောက်ပံ့ကူညီတဲ့သူတွေကို ဆက်သွယ်ရေးဥပဒေပုဒ်မ၊ နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ၊ မတရားသင်း ဆက်သွယ်မှုဥပဒေပုဒ်မ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မတွေအပြင်၊ သွင်းကုန်ထုတ်ကုန်ဥပဒေနဲ့ လေကြောင်းဆိုင်ရာ ဥပဒေတွေနဲ့ပါ တရားစွဲ ထောင်ချနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတဲ့ဒေသတွေကို သတင်းထောက်တွေ သွားလာခွင့် ကန့်သတ်ထားတာ၊ ဖေ့စ်ဘွတ်မှာ ဖော်ပြတဲ့သတင်းကို အသရေဖျက်မှုနဲ့ တရားစွဲတာမျိုးတွေ ရှိနေတာဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အခက်အခဲ ဖြစ်စေတယ်လို့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီး မစ်ရှဲဘားချလက်က မှတ်ချက်ပေး ပြောဆိုပါတယ်။

သတင်းထောက်တွေကို တရားစွဲနိုင်တယ်လို့ ခြိမ်းခြောက်နေတဲ့ အခြေအနေနဲ့ အခုလို ဖိနှိပ်နိုင်တဲ့ ဥပဒေတွေကို ဖြေလျှော့ဖို့၊ လွတ်လပ်စွာ ရေးသားပုံနှိပ်ထုတ်ဝေခွင့်ကို ထိခိုက်စေတဲ့ ဥပဒေတွေကို ပြန်သုံးသပ် ပြင်ဆင်ဖို့လည်း မြန်မာအစိုးရနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို လူ့အခွင့်အရေးကော်မရှင် မင်းကြီး မစ်ရှဲဘားချလက်က ပန်ကြားလိုက်ပါတယ်။