ဆေးဝါးမလုံလောက်တာကြောင့် ကိုးလအတွင်း နိုင်ငံရေးအကျဉ်းသား ၁၂ ဦးသေဆုံး
2024.10.01
၂၀၂၄ ခုနှစ် နှစ်စကနေ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် နှစ်စဉ် ဆယ်နဲ့ချီသေဆုံးနေတယ်လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"အကျဉ်းထောင်တွေထဲမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရလို့ သေတဲ့အကြောင်းပြောမယ်ဆိုရင် အခြေခံအားဖြင့် သုံးချက်တွေ့ရတယ်၊ စစ်ကြောရေးစခန်းတွေမှာ ရရှိလာတဲ့ ဒဏ်ရာတွေကြောင့် အကျဉ်းထောင်မှာ သေဆုံးသွားတဲ့သူတွေရှိတယ်၊ မူလရောဂါအခံရှိတဲ့သူတွေဟာ ထောင်ထဲမှာ လုံလောက်တဲ့ ဆရာဝန်တွေရဲ့ ကုသမှုမရရှိလို့ သေဆုံးတဲ့လူတွေရှိတယ်၊ နောက်တစ်ခုကတော့ အကျဉ်းထောင်ထဲ ရောက်တဲ့အခါမှာ အကျဉ်းထောင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာကြောင့် သေဆုံးကြရတဲ့လူတွေ ရှိတယ်ပေါ့နော်၊ အဲဒါကြောင့် နှစ်စဉ် အကျဉ်းသား ဆယ်နဲ့ချီ အသက်ပေးနေရပါတယ်ဗျ"
လက်ရှိ ထောင်ထဲမှာ ဆရာဝန်မလုံလောက်တာ၊ မိသားစုဝင်တွေက ပေးပို့တဲ့ ဆေးဝါးတွေ ကန့်သတ်ခံရတာ၊ ပို့လိုက်တဲ့ ဆေးဝါးတွေဟာ အကျဉ်းသားတွေ လက်ထဲမရောက်ဘဲ အကျဉ်းဦးစီးဝန်ထမ်းတွေလက်ထဲမှာပဲ ပျောက်သွားတာ၊ အရေးကြီးလူနာတွေကို ပြင်ပဆေးရုံတွေဆီ အချိန်နဲ့တစ်ပြေးညီ မပို့ပေးတာတွေ စတဲ့ အခြေအနေတွေကြောင့် အကျဉ်းသားတွေ အသက်ဆုံးရှုံးနေရတာလို့လည်း သူက ဆိုပါတယ်။
ဒီနှစ်အတွင်း ဒိုက်ဦးထောင်မှာ သုံးဦး၊ ကျိုက်မရောထောင်မှာ နှစ်ဦး၊ အင်းစိန်ထောင်၊ အိုးဘိုထောင်၊ မကွေးထောင်၊ ကလေးထောင်၊ သရက်ထောင်၊ ပြည်ထောင်၊ သထုံထောင်တွေမှာ တစ်ဦးစီ သေဆုံးခဲ့တယ်လို့ PPNM စာရင်းက ဖော်ပြပါတယ်။
သေဆုံးသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ကိုးဦး၊ နိုင်ငံရေးအကျဉ်းသူ နှစ်ဦးနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ရဲတစ်ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအပြင် တခြားအကျဉ်းသားတွေ သေဆုံးတာလည်းရှိပေမဲ့လည်း စာရင်းအတိအကျ မရရှိတာကြောင့် အသေးစိတ် မသိရသေးဘူးလို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အကျဉ်းထောင်တွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့ အဖွဲ့ ခြောက်ဖွဲ့က ဩဂုတ်လ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။