မိတ္ထီလာလေတပ်နဲ့ တပ်မ ၉၉ တပ်စခန်းတွေ တိုက်ခိုက်ခံရ
2024.11.11
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်ကောင်စီရဲ့ ရှမ်းတဲ လေတပ်စခန်းနဲ့ အမှတ် (၉၉) ခြေမြန်တပ်မ ဌာနချုပ်ကို နိုဝင်ဘာ ၁၁ ရက် ဒီနေ့ မနက်လေးနာရီခန့်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ မိတ္ထီလာမြို့က ဒေသခံတွေကတော့ ပေါက်ကွဲသံ ရှစ်ကြိမ်လောက် ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှု ဖြစ်တဲ့နေရာတွေကို စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းတင်းကျပ်ကျပ်လုပ်တဲ့အပြင် လမ်းတွေလည်း ယာယီပိတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိတ္ထီလာမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့မနက်ပိုင်းမှာ ပေါက်ကွဲသံအကျယ်ကြီး ရှစ်ကြိမ်လောက်ကြားရတယ်။ အဲ နောက် အသံ အကျယ်ကြီးတော့ မဟုတ်တော့ဘူး။ သေနတ်ပစ်တာလား အသံတွေ ထပ်ကြားရသေးတယ်။ ဒီမနက်မှာ လမ်းတွေတချို့ ပတ်ထားတယ်၊ ခဏပေါ့။ စစ်ဆေးမှုတွေလည်းလုပ်တယ်။ အခုတော့ လမ်းပြန်ဖွင့်သွားပြီ"
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာမရှိသေးသလို ဘယ်တော်လှန်ရေး တပ်ဖွဲ့က တိုက်ခိုက်ခဲ့လဲဆိုတာ မသိရသေးပါဘူး။
စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကတော့ စစ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို မသိတဲ့အကြောင်း RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ် လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ဒီတိုက်ခိုက်မှုမှာ PDF တွေအသုံးပြုတဲ့ လက်လုပ်ဒရုန်း အပိုင်းအစရှာဖွေတွေ့ရှိရပြီး ထိခိုက်ပျက်စီးတာမရှိဘူးလို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ မိတ္ထီလာတပ်နယ်ကိုရောက်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို အောင်မြင်စွာထမ်းဆောင်နိုင်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒီအပြင် မိတ္ထီလာဟာ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းလက်နက်ကိုင်တပ်ဖွဲ့တွေကို အောင်မြင်အောင် စစ်ဆင်ရေး လုပ်နိုင်ခဲ့တဲ့နေရာတစ်ခုဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။