ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထား သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးတဲ့ စင်တာအသစ်ကို စမွတ်စာခွန်ခရိုင်မှာ နိုဝင်ဘာလအတွင်း ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ အလုပ်သမားရေးရာဝန်ကြီး Mr. Phiphat Ratchakitprakarn က ပြောတယ် လို့ Bangkokpost သတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေး အမျိုးသားကော်မတီ အစည်းအဝေးအပြီးမှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ နိုင်ငံသားတွေအတွက် ခရီးသွားလာခွင့်စာရွက်စာတမ်း (TD) ထုတ်ပေးတာနဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသူတွေကို အထောက်အထားထုတ်ပေးဖို့ အတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစင်တာမှာ လာမဲ့နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ လုပ်ငန်းတွေ ဆောင်ရွက်မှာဖြစ်ပြီး လုပ်ဆောင်ရမဲ့လိုအပ်ချက်တွေ များလာမယ်ဆိုရင်တော့ စင်တာတွေ ထပ်တိုးဖွင့်ဖို့ စဉ်းစားမယ်လို့ ဖော်ပြထားပါတယ်။
အခုလို CI ထုတ် ပေးတဲ့ စင်တာပြန်ဖွင့်တာဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် သတင်းကောင်းဖြစ်ပြီး ပြည်တွင်းကို ပြန်ဝင်လုပ်ရမယ်ဆိုရင် ကြုံနိုင်တဲ့ အန္တရာယ်တွေကနေလည်း လျော့သွားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“ရှေ့ကျောနောက်ကျောမလုံဘဲနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရမဲ့ကိစ္စ၊ အနိုင်ကျင့်ခံရမဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမဲ့ အခက်အခဲအကျပ်အတည်းတွေနဲ့စာရင် ထိုင်းနိုင်ငံထဲကနေပြီး ဘယ်မှမထွက်ခွာရဘဲနဲ့ လုပ်ရမှာဆိုတော့ သတင်းကောင်းပေါ့”
မြန်မာဘက်က တောင်းဆိုလို့ CI စာအုပ် ထုတ်ပေးတဲ့ စင်တာအားလုံးကို ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာ ပိတ်လိုက်ပြီးတဲ့နောက် အခုစင်တာအသစ်ကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ နိုင်ငံတွင်း တရားမဝင်အလုပ်သမား ရှာဖွေဖမ်းဆီးခြင်း ရက် ၁၂ဝ စီမံကိန်းအတွင်း မြန်မာအလုပ်သမား နှစ်သိန်း တစ်သောင်းနီးပါး ( ၂၀၉,၄၃၅ ဦး) ဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။