Updated 2:37 PM Jan 23, 2024
ရခိုင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို သွားကြိုတဲ့ စစ်လေယာဉ်တစ်စင်း ဇန်နဝါရီ ၂၃ ရက်နေ့က အိုက်ဇောလ်မြို့အနီး Lengpui လေဆိပ်ကိုအဆင်း အရှိန်လွန် လမ်းချော်ခဲ့တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ ရှစ်ဦး ဒဏ်ရာရသွားတယ်လို့ မိုဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေက RFA ကို အတည်ပြု ပြောဆိုပါတယ်။
ဒဏ်ရာရသူတွေကို လောလောဆယ် အိုက်ဇောမြို့ဆေးရုံကို ပို့ထားကြောင်း ကြားသိရတယ်လို့ အိုက်ဇောမြို့ရောက် မြန်မာစစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ပြောပါတယ်။
"လေယာဉ်ပေါ်မှာ လူ ၁၃ ဦး ပါတယ်လို့ သိရတယ်။ ရှစ်ဦး ဒဏ်ရာရတယ်။ ခေါင်းကွဲတာရော၊ ခြေထောက်ကျိုးတာရော ပါတယ်။ အခုလောလောဆယ်တော့ အိုင်ဇောလ်မြို့က ဆေးရုံကို ကားသုံးစီးနဲ့ ပို့ထားတယ်လို့ ကြားပါတယ်"
အဲဒီစစ်လေယာဉ်ပေါ်မှာ လေယာဉ်ဝန်ထမ်းတွေပဲ လိုက်ပါလာသလား၊ ပြန်ခေါ်မယ့် မြန်မာစစ်သားတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတာတွေ သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
အိန္ဒိယအခြေစိုက် သတင်းမီဒီယာတွေကတော့ ပြီးခဲ့တဲ့သီတင်းပတ်က နယ်စပ်ဖြတ်ပြီး မီဇိုရမ်ပြည်နယ်ထဲဝင်လာတဲ့ မြန်မာစစ်သားတွေကို ပြန်ခေါ်မယ့် မြန်မာနိုင်ငံက စစ်လေယဉ်ဟာ ဇန်နဝါရီ ၂၃ ရက်နေ့က မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့အနီး Lengpui လေဆိပ်ကိုအဆင်း အရှိန်လွန်ခဲ့တာကြောင့် လေယာဉ်ဝန်ထမ်း ၁၃ ဦးအနက် ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလေယာဉ်ဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က မီဇိုရမ်ပြည်နယ် Lawngtlai ခရိုင်ထဲ ထွက်ပြေးလာတဲ့ မြန်မာစစ်သား ၁၈၄ ယောက်ကို ပြန်ခေါ်ယူဖို့ ဖြစ်တယ်လို့ အာသံရိုင်ဖယ်တပ် အရာရှိတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ထွက်ပြေးလာတဲ့ မြန်မာစစ်သား ၂၇၆ ယောက်ရှိပြီး သူတို့ကို နှစ်သုတ်ခွဲ ပြန်ခေါ်ဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာစစ်ကောင်စီတို့ ညှိနှိုင်းသဘောတူထားတာလို့ ဆိုပါတယ်။
သူတို့ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့အနီး Lengpui လေဆိပ်ကနေ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပြန်ပို့ဖို့ စီစဉ်ထားကြောင်း အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။