အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၀၀ ကျော်သေဆုံး

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆၃၄ ဦး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေလ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ် လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

၂၀၂၃ ခုနှစ်၊ ပထမ လေးလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၄၅၄ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၂၉၂ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၅၃ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၇၄ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ လေကြောင်း တိုက်ခိုက်မှု ၈၂၀ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၂၆၈ ဦး သေဆုံးခဲ့ပါတယ်။

အရပ်သား အများဆုံးသေဆုံးခဲ့တဲ့မြို့နယ်ဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ဖြစ်ပြီး ၁၈၈ ဦးအထိ သေဆုံးခဲ့တာပါ။ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရတဲ့မြို့နယ်ကတော့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှု ၁၆၄ ကြိမ် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်နဲ့ လေးလအတွင်း စစ်ကောင်စီတပ်က ကရင်ပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့ပြီး ၃၂၂ ကြိမ်အထိ ရှိခဲ့ပါတယ်။ အဲဒီနောက် စစ်ကိုင်းတိုင်းက ၂၉၅ ကြိမ်နဲ့ ဒုတိယ၊ ကယားပြည်နယ်က ၁၈၄ ကြိမ်နဲ့ တတိယအများဆုံး ဖြစ်ခဲ့ပြီး ကချင်ပြည်နယ်က ၁၅၆ ကြိမ်နဲ့ စတုတ္ထအများဆုံး ဖြစ်ပါတယ်။

အစီရင်ခံစာအရ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်လုပ်ဆောင်လာသလို အရပ်သားသေဆုံးထိခိုက်မှုတွေလည်း ဆက်လက်မြင့်တက်နေပါတယ်။