မန္တလေး-PDF ရဲ့ အချုပ်ခန်း ထပ်မံဗုံးကြဲခံရပြီး ဗိုလ်မှူးတစ်ဦး အပါအဝင် လေးဦးသေဆုံး
2024.10.30
Updated 3:35 PM, Oct 30,2024
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အချုပ်ခန်းကို အောက်တိုဘာ ၃၀ ရက် ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားတယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ စခတ (၂) ၇ မိုင်စခန်းကဖမ်းမိတဲ့ အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူး နေဝင်း၊ စခတ (၂) သပိတ်ကျင်းက ၄၉ နှစ်အရွယ် တပ်ကြပ် ကိုကိုအောင်၊ အမတ - ၃၁၉ မိထ္ထီလာက ၄၉ နှစ်အရွယ် တပ်ကြပ်ကြီးစာရေး အောင်လွင်နဲ့ ပျူစောထီးအဖွဲ့ဝင် ၅၄ နှစ်အရွယ် ဦးဂျော်နီအောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ကလည်း အဲဒီအချုပ်ခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းရှစ်ဦး အပါအဝင် အချုပ်သား ၁၂ ဦး သေဆုံးပြီး နောက်ထပ် အချုပ်သားခြောက်ဆယ်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MDY-PDF ပြောပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နှစ်ကြိမ်အတွင်း သေဆုံးသူ ၁၆ ဦးအထိ ရှိလာပြီလို့ ဆိုပါတယ်။
MDY-PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကတော့ စစ်ကောင်စီတပ်က လွတ်မြောက်နယ်တွေကို နေ့စဥ် လေကြာင်းပစ်ခတ်မှုတွေ တိုးလုပ်လာတယ်လို့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီက တော်လှန်ရေးကာလအသီးသီးမှာ အရေးနိမ့်မှုတွေ ရှိတယ်။ ဒါကြောင့် မြေပြင်စစ်ကြောင်းတွေမှာ အင်အားအလွန်အကျွံသုံးတယ်။ ပြီးရင် သူတို့ ထိုးဖောက်မဝင်ရောက်နိုင်တဲ့ လွတ်မြောက်နယ်မြေတွေကိုလည်း လေကြောင်းကိုပဲ အဓိကအားထားပြီးတော့ နှောင့်ယှက်ဖျက်ဆီးတာပဲ လုပ်တာ ပိုများလာတယ်”
အဲဒီအချုပ်ဆောင်ဟာ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ကောင်းမွန်စွာ ထားရှိတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်က သူတို့ရဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေ ရှိတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ MDY-PDF က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
အဲဒီအချုပ်ခန်းဟာ နောင်ချို-မိုးကုတ်လမ်းပိုင်းက ဟိုခိုရွာမှာ တည်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောင်ချို-မိုးကုတ်လမ်းကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးစားနေပြီး အောက်တိုဘာ ၂၉ ရက်နေ့ကစလို့ အဲဒီလမ်းပိုင်းကနေ ခရီးသွားကားတွေ မသွားကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က အာရက္ခတပ်တော် (AA) ရဲ့ အကျဥ်းစခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတွေ အပါအဝင် အကျဥ်းသားငါးဆယ်ကျော် သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် ဒေသခံနှင့် MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်တို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)