ကလေးမြို့က စစ်ယာဉ်တန်းပုံရိုက်တဲ့ ဒေသခံ နှစ်ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို အောက်တိုဘာလ ၉ ရက်နေ့ကတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဓာတ်ပုံ ဆိုရှယ်မီဒီယာပေါ် ဖြန့်ဝေလို့ဆိုပြီး အောက်တိုဘာ ၁၃ ရက် မနေ့နေ့လယ်ပိုင်းမှာ ကလေး ဒေသခံ ကိုဖိုးတုတ်နဲ့ ကိုမြတ်ညီညီတို့ နှစ်ဦးကို စစ်ကောင်စီက ဖမ်းသွားပါတယ်။

"ဂန့်ဂေါဘက်ကနေလာတဲ့ ကားအစီးရေ ၄၀ အနည်းဆုံးရှိမယ်ပေါ့၊ အလုံပိတ်ကားတွေရော တင့်ကားတွေ ရော အဲဒီယာဉ်တန်းဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်တင်လို့ ဖမ်းတယ်လို့ သိရတယ်" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

နှစ်ဦးစလုံးကို ကလေးမြို့လမ်းဆုံ ၊ ပင်လုံရပ်ကွက်က နေအိမ်မှာပဲ လာဖမ်းသွားတာလို့ ဒေသခံကဆိုပါတယ်။

လက်ရှိ သူတို့ကို ကလေးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကွဲရေးစစ်ဌာနချုပ် (ဒကစ) ဆီ ဖမ်းခေါ်သွား တာလို့ ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောပါတယ်။

စစ်ယာဉ်တန်းပုံ ဆိုရှယ်မီဒီယာပေါ်တင်တာကြောင့် အဖမ်းခံရတာလို့ ဒေသခံတွေက ပြောပေမယ့် ဖမ်းဆီး သွားတဲ့ အကြောင်းအရင်း တိတိကျကျကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူ။

ကိုဖိုးတုတ်နဲ့ ကိုမြတ်ညီညီတို့ နှစ်ဦးဟာ သာမန်အရပ်သားတွေဖြစ်ပြီး ဆန္ဒပြပွဲတွေမှာလည်း မပါဝင်သလို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း မပတ်သက်ဘူးလို့ ကလေးဆန္ဒပြသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။
ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၂၀ ကျော်နီးပါး ရှိနေပြီဖြစ်ပါတယ်။