တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာက စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မေလ ၁၉ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီး ကျေးရွာမှာရှိနေတဲ့ အုပ်ချုပ်ရေးမှူးရုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပူးပေါင်းတပ်တွေက မေလ ၁၉ ရက် ည ၁၀ နာရီ ဝန်းကျင်မှာ ကျောက္ကာရွာ အမှတ် ၂ ရပ်ကွက်မှာ ပြည်သူ့စစ်အဖွဲ့ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"၁၉ ရက်နေ့ ညမှာ ကျောက္ကာရွာကို PPDF အဖွဲ့က ဆင်းပြီးတော့ သူတို့ ပစ်ခတ်မှုတွေဖြစ်တယ်။ ဖြစ်ပြီးချိန်မှာ AK နှစ်လက်ရလာခဲ့တယ်လို့ သိရတယ်။ နောက်ပြီး စကစက ကျောက္ကာရွာကို ရောက်သွားတာပေါ့။ ရွာသားတွေကို စစ်ဆေးပြီးတော့ နေပူပူမှာ နေလှန်းတယ်လို့ သိရတယ်။ နောက်ရိုက်တာတွေလည်း ရှိတယ်"
ကျောက္ကာရွာ တိုက်ပွဲဟာ နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က စစ်ကူတွေရောက်လာတဲ့အတွက် PDF တပ်ဖွဲ့တွေ ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ရောက်လာပြီး မေလ ၂၀ ရက်နေ့မှာတော့ ရွာသားတချို့ကို စစ်ဆေးမေးမြန်းတာနဲ့ ရိုက်နှက်တာတွေရှိခဲ့ပြီး တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပုလောဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ PPDF ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့တနင်္သာရီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
ပုလောမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေဟာ ပုလောမြို့၊ ပလမြို့နဲ့ ပလောက်မြို့တွေ မှာသာ ကျန်ရှိနေပြီး ထားဝယ်-မြိတ် ကားလမ်းမကြီး အရှေ့ဘက်ခြမ်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ သတင်းနဲ့ ပြန်ကြားရေးဌာနက မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
