ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းသွားတာကြောင့် စစ်ကောင်စီတပ်ဘက်က စခန်းပြန်ရရေး လေကြောင်းပစ်ကူအသုံးပြုပြီး ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသခံတွေနဲ့ KIA ဘက်က ပြောပါတယ်။
အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နဲ့ ဆယ်မိုင်အကွာမှာရှိတဲ့ နမ့်ကွတ်တပ်စခန်းကို KIA တပ်မဟာ ၆ နဲ့ပူးပေါင်းအဖွဲ့ သိမ်းဆည်းခဲ့တာကြောင့် စခန်းပြန်ရရေး ကြိုးစားနေတယ်လို့ စစ်ကောင်စီဘက်ကလည်း အောက်တိုဘာလ ၂၀ ရက် မှာ ထုတ်ပြန်ထားပါတယ်။
KIA တပ်မဟာ ၆ နေရာကို လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ပြီး KIA တပ်ဖွဲ့ဝင် အလောင်းတချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ဆိုထားပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၀ ရက် နေ့လယ်ပိုင်းက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာအနီးက လဲလုံစခန်း (အောင်ဂျာစခန်း)ကိုလည်း KIA က သိမ်းဆည်းခဲ့တာကြောင့် စခန်းပြန်ရရေး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လဲလုံစခန်းကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်ကနေ အောက်တိုဘာ ၂၀ ရက်အထိ KIA ဘက်က (၈၁) ကြိမ်တိုက်ခိုက်ခဲ့ပြီး အခု နောက်ဆုံးတစ်ကြိမ်မှာတော့ စခန်းသိမ်းခံလိုက်ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ဒီစခန်းတွေကို KIA ကသိမ်းဆည်းထားတာ မှန်ကန်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတယ်လို့ RFA ကို ပြောပါတယ်။
“ရှမ်းမြောက်ဘက်မှာ သူတို့ လက်လွတ်သွားတဲ့ စခန်းတွေပြန်ရရရေး ကျွန်တော်တို့ တပ်မဟာ ၆ ကို မနေ့ကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် လုပ်နေတယ်။ လဲလုံဘက်မှာလည်း ဒီလိုပဲ လေကြောင်းတိုက်တာရှိတယ်။ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်တယ်။ ဒီမနက် သုံးနာရီ၊ လေးနာရီလောက် မှာလည်း လေကြောင်းကနေ တိုက်ခိုက်တယ်”
နှစ်ဖက်ထိခိုက်သေဆုံးမှုကိုတော့ သူ့အနေနဲ့ အတည်မပြုနိုင်သေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
လဲလုံစခန်းအနီး ရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေကတော့ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး လိုင်ဇာမြို့အတွင်းကိုပါ စစ်ကောင်စီတပ် တိုက်ခိုက်မလာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ပထမအပတ်ကစလို့ ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတာပါ။
အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း ကချင်ပြည်နယ် ရွှေကူမြို့နယ်က စစ်ကောင်စီ တပ်ရင်း ၅၆ နဲ့ ၆၀၂ စခန်းတွေကို KIA၊ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ဖြေဆိုထားပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၁၁ ဦး အပါအဝင် ၂၉ ဦး သေဆုံးပြီး ဒုက္ခသည် ၅၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။