သန်းခေါင်စာရင်းကောက်နေချိန် လက်နက်ကြီးနဲ့အပစ်ခံရလို့ စစ်ကောင်စီတပ်သား သုံးဦး သေဆုံး

RFA Burmese
2024.10.10
သန်းခေါင်စာရင်းကောက်နေချိန် လက်နက်ကြီးနဲ့အပစ်ခံရလို့ စစ်ကောင်စီတပ်သား သုံးဦး သေဆုံး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ကရင်ပြည်နယ်အတွင်းတွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။
Photo: AFP

ကရင်ပြည်နယ် ဘားအံမြို့နယ်က ဝင်းစိန်ရွာမှာ သန်းခေါင်စာရင်းကောက်နေချိန် လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ကားတစ်စီး ပျက်စီးပြီး စစ်သားသုံးဦး သေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ရက် မနက် ၇နာရီက ဝင်းစိန်ကျေးရွာအဝင်မုခ်ဦးနေရာမှာ လုံ‌ခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မဟာမိတ်တပ်ဖွဲ့တွေ RPG လောင်ချာဗုံးသီးပစ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မဟာမိတ်စစ်ကြောင်း တာဝန်ရှိသူက RFA ကို ပြောပါတယ်။

"အဲ့ဒီမှာအိမ်ထောင်စုစာရင်းကောက်တဲ့လူတွေကို ကျွန်တော်တို့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေပြီးတော့ RPG နဲ့လှမ်းပစ်လိုက်တယ်နော်"

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး RFA က အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်ကို RFA က ဆက်သွယ်မေးမြန်းခဲ့တာလည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဒီပစ်ခတ်မှုနောက်ပြီး ဘားအံစစ်ကောင်စီတပ်က အင်အားတစ်ရာလောက်က ဝင်းစိန်ရွာကို စစ်ကြောင်းထိုး ပစ်ခတ်တာတွေ ညနေ ၆ နာရီလောက်အထိ ရှိခဲ့တယ်လို့ ဝင်းစိန်ကျေးရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"သာမညတောင်ခြေအနောက်ဘက်ဝင်းစိန်မှာ တိုက်ပွဲဖြစ်နေတယ်။ ဘယ်လိုဖြစ်လဲဆိုတာကတော့ တိတိကျကျမသိသေးဘူး။ တချို့ကတော့ပြောတာကတော့ မှတ်ပုံတင်စစ်ရင်းနဲ့ လက်နက်နဲ့ထုနေတယ်။ သန်းခေါင်စာရင်း ကောက်တယ်ပေါ့နော်။ သန်းခေါင်စာရင်းကောက်ရင်းနဲ့ ပြဿနာဖြစ်တယ်"

တိုက်ပွဲတွေဆက်ဖြစ်တာနဲ့ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှာကို စိုးရိမ်တာကြောင့် ဝင်းစိန်၊ သာမည၊ ကော့ကဒါကျေးရွာတွေက ဒေသခံ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်နှစ်ရာနီးပါး သာမညတောင်ခြေဘက်မှာ ရှောင်တိမ်းနေထိုင်ကြရတယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက် နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့ပေါ်ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကောက်နေချိန် KNLA ပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်  ရဲစခန်းမှူးနေအိမ်အနီး ဗုံးကျရောက်ပေါက်ကွဲလို့ စခန်းမှူးရဲ့ဇနီး လက်ထိမှန်ဒဏ်ရာရတာအပြင် အုပ်ချုပ်ရေးရုံးဝန်ထမ်းအချို့လည်း အသေးစားထိခိုက်တာတွေရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။