ဂွမြို့အနီးတိုက်ပွဲကြောင့် ဒေသခံတွေ ပြောင်းရွှေ့ကြဖို့ စစ်ကောင်စီတပ် ပြော

RFA Burmese
2024.12.08
ဂွမြို့အနီးတိုက်ပွဲကြောင့် ဒေသခံတွေ ပြောင်းရွှေ့ကြဖို့ စစ်ကောင်စီတပ် ပြော ဧရာ၀တီတိုင်းသို့သွားမည့် သဗြုဂျိုင်ကျေးရွာမှ စစ်ဘေးဒုက္ခသည်အား ဂွမြို့တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရခိုင်ပြည်နယ်၊ ဂွမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ကြဖို့ စစ်ကောင်စီတပ်ဘက် ဒီရက်ပိုင်းထဲ အသိပေးထားတယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၈ ရက် ဒီနေ့ ပြောပါတယ်။

ဂွမြို့နဲ့ လေးမိုင်သာဝေးတဲ့ စည်ပင်၊ ကျောက်ကြီးစတဲ့ ရွာတွေအထိ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်က ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွမြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဂွဘက်ရဲ့ တိုက်ပွဲကတော့ ဂွမြို့နဲ့ အနီးဆုံးကျေးရွာကို ရောက်ပြီပေါ့။ မြို့သူမြို့သားတွေကိုလည်း ရှောင်ခိုင်းထားတယ်ပေါ့။ စစ်ကောင်စီက ရှောင်နေကြလို့လည်း ပြောတယ်။ ဒါပေမဲ့ ဂွ-ငသိုင်းချောင်း ရိုးဘက်အခြမ်းကနေ လက်နက်ကြီးနဲ့ ချိန်ထားကြတယ်။ ဂွဘက်ကို ချိန်ထားကြတော့ တကယ်စိုးရိမ်ရတယ်ဗျ”

တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဂွမြို့က ဒေသခံတွေ စားနပ်ရိက္ခာရှားပါးမှုနဲ့ ကြုံနေရတယ်လို့ သူက ပြောပါတယ်။

ဂွမြို့မှာ စစ်ကောင်စီတပ်က သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အခိုင်အမာတပ်စွဲထားသလို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လူဦးရေ တစ်သောင်းဝန်းကျင် (၉၅၁၀ ဦး) ရှိတဲ့ ဂွမြို့က ဒေသခံ ရှစ်ထောင်နီးပါးဟာ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီဇင်ဘာ ၈ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ဂွမြို့နဲ့ မိုင်လေးဆယ်လောက်သာဝေးတဲ့ ကျိန္တလီမြို့က စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဂွမြို့အနီးထိ တိုက်ပွဲတွေဖြစ်နေတာပါ။

ရခိုင်ပြည်နယ်ထဲမှာ တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က စစ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။