စစ်တပ်က အာဆီယံ ဘုံသဘောတူညီချက်ကို ဆက်လက်ချိုးဖောက်နေကြောင်း KNU ပြော
2024.11.06
မြန်မာစစ်တပ်ဟာ အာဆီယံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဒီနေ့ထိ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက်ချိုးဖောက်နေဆဲပဲလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ရဲ့ မနေ့က အွန်လိုင်းကနေ့ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အာဆီယံအရေးနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာပါ။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ထဲမှာ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်သူတွေ တွေ့ဆုံဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒီအချက်တွေကို မလိုက်နာဘဲ မြန်မာစစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ တိုးလုပ်လာတယ်လို့ ပဒိုစောတာဒိုမှူးက ပြောပါတယ်။
“ပထမဦးဆုံးချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ဆိုတဲ့ အချက်ကိုကြည့်မယ်ဆိုရင်တော့ စစ်တပ်ဟာ ဘယ်အရာကိုမှ ဂရုမစိုက်ဘဲနဲ့ ဗမာပြည်သူပြည်သားတွေပေါ်မှာ စစ်ပွဲလို့ခေါ်တဲ့ Total War ကို အရှိန်အဟုန်နဲ့ လုပ်ပြီးတော့ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာဆိုရင် မြို့နယ်ဧရိယာတွေရဲ့ ၇၁ ရာခိုင်နှုန်းဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ အရှိန်ပြင်းထန်မှုရဲ့ဒဏ်ကို သက်ရောက်ခံစားနေရပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာတွေကို တိုးမြှင့်လုပ်ဆောင်နေတယ်။ အဲဒီတော့ De escalation လို့ခေါ်တဲ့ အာဆီယံရဲ့ ပထမဦးဆုံးအချက်ကို ဆန့်ကျင်ပြီး escalation လုပ်နေတာ ဘယ်သူလဲဆိုတော့ စစ်တပ်ပါပဲ”
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်စေချင်ရင်တော့ လေယာဉ်ဆီတွေ ဖြတ်တောက်ဖို့၊ စစ်လက်နက်ပစ္စည်းတွေကို တင်သွင်းခွင့် မပြုဖို့၊ စစ်တပ်ရဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပိတ်ပင်ဖို့နဲ့ သံတမန်အရ နေရာမပေးဖို့အတွက် အာဆီယံနဲ့ နိုင်ငံတကာကို အကြံပြုတယ်လို့ သူက ပြောပါတယ်။
အာဆီယံကတစ်ဆင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးတဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုရှိဖို့လိုအပ်ပြီး စစ်ကောင်စီဟာ အာဆီယံကပေးအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေနဲ့ နိုင်ငံရေးအတွက် အသုံးချတာတွေ လုပ်တာကိုလည်း သတိပြုရမယ်လို့ ဆိုပါတယ်။
ဒီ့အပြင် စစ်ကောင်စီက ပြုလုပ်ဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာလည်း ပဋိပက္ခတွေကို ပြင်းထန်လာစေနိုင်ပြီး တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို ယူဆောင်ပေးလာနိုင်မှာ မဟုတ်ဘူးလို့ KNU က ပြောပါတယ်။
ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံအပြီး အာဆီယံရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထည့်သွင်း တောင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံကတော့ မြန်မာ့အရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို လာမဲ့ ဒီဇင်ဘာလထဲမှာ လက်ခံကျင်းပဖို့ ကမ်းလှမ်းထားပါတယ်။