မိုးဗြဲတိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိ
2025.03.16

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့ကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးမှုတွေ ရှိတယ်လို့ (KNDF) က မတ်လ ၁၅ နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ဒရုန်း၊ လက်နက်ကြီးတွေ အသုံးပြုပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးသလို ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၁၃ ရက်နေ့က တိုက်ပွဲမှာ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တပ်စခန်းတစ်ချို့ လက်လွှတ်ခဲ့ရပေမဲ့ မတ်လ ၁၄ ရက်နေ့မှာတော့ အဲဒီစခန်းတွေကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မိုးဗြဲကို လက်မလွတ်ရဖို့ ပြင်းပြင်းထန်ထန် ခုခံနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
“မိုးဗြဲမြို့နဲ့ စစ်ကောင်စီရဲ့ ၄၂၂ တပ်စခန်းကြားမှာပဲ ကျွန်တော်တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ အခုချိန်ထိပဲပေါ့နော်။ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က သေဆုံးတာတွေရှိတယ်။ ကျွန်တော် တို့ဘက်ကလည်း ရဲဘော်တွေကို ဆုံးရှုံးရတာရှိတယ်။ အခုချိန်အထိလည်း စစ်ကောင်စီက မရပ်မနား မိုးဗြဲကိုဝင်ဖို့ ကြိုးစားနေတယ်။ အခုအချိန်အထိလည်း ထိတွေမှုတွေ ရှိတယ်ပေါ့နော်”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် ညကလည်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးခြောက်ကြိမ် ကြဲချခဲ့တာကြောင့် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ် အနေနဲ့ ၂၀၂၄ ဒီဇင်ဘာလကစပြီး မိုးဗြဲမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာ သုံးလကျော် ရှိလာတာကြောင့် ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
မိုးဗြဲမြို့နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။