ဖြူးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒရုန်းဗုံးကြောင့် ခုနစ်ဦး သေဆုံး

RFA Burmese
2025.01.02
ဖြူးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒရုန်းဗုံးကြောင့် ခုနစ်ဦး သေဆုံး ဖြူးမြို့နယ် ဇယျ၀တီမြို့ တွင် စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ရမ်းနဂါး ဟိန္ဒူဘုရားကျောင်းအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
ဖြူးမြို့နယ်နှင့် သတင်းပေါင်းစုံ ဓာတ်ပုံ

ပဲခူးတိုင်း ဖြူးမြို့နယ် ဇယျ၀တီမြို့ ရန်ကုန်-မန္တလေးလမ်း အရှေ့ဘက်ခြမ်းက ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီလ ၂ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်လည်း ဟိန္ဒူဘာသာဝင် ဒေသခံ ခုနစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ နောက်ဆုံးပတ်ကစလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အဲဒီဒေသတွေကို စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ကြဲချတဲ့ ဒရုန်းဗုံးက ရမ်းနဂါးရွာ ဟိန္ဒူဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ခုနစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်နက်ကြီးက ဘုရားကျောင်းဘေးကို တည့်တည့်ကျတာ။ အနီးအနားမှာ ဝေယျာဝစ္စ လုပ်နေတဲ့သူတွေ၊ ဘုရားကျောင်းလာတဲ့သူတွေ ထိတာ။ ခုနစ်ဦးလုံးက နေရာမှာတင် သေသွားတယ်။ ဒဏ်ရာရတဲ့ လေးဦးကိုတော့ မြို့နယ်ဆေးရုံကို ပို့ထားတယ်။ လက်ပြတ်ခြေပြတ်တွေ ဖြစ်တာပါပဲ”

ထိခိုက်သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။ လက်ရှိမှာတော့ ဇေယျ၀တီမြို့ အနီးတစ်၀ိုက်က ရွာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဟာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနဲ့လည်း ဆယ်မိုင်ခန့်သာဝေးတာကြောင့် အမြန်လမ်း ၁၁၅ မိုင် စစ်ဆေးရေးဂိတ် အပါအဝင် အမြန်လမ်းပေါ်က တခြားစစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အင်းအားအများအပြားနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအအေနတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံ ဟိန္ဒူသမဂ္ဂကတော့ ဖြူးမြို့နယ်က ရမ်နာဂ ဟိန္ဒူဘုရားကျောင်းနဲ့ ဟိန္ဒူအသိုက်အဝန်းကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အပေါ်  ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်းနဲ့ မြန်မာနိုင်ငံက ထိခိုက်လွယ်တဲ့ အသိုက်အဝန်းတွေအတွက် တရားမျှတမှုနဲ့ အကာအကွယ်တွေရရှိစေရေး လုပ်ဆောင်ပေးနိုင်ဖို့ နိုင်ငံတကာကို တိုက်တွန်းကြောင်း ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်-၃၁၈ နေရာမှာ PDF တပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက် အဲဒီနေရာနဲ့ ဆယ်မိုင်အကွာ နွားထိုးကြီးမြို့နယ် ဒေါင့်ဘိုးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မှတ်ချက်- မြန်မာနိုင်ငံ ဟိန္ဒူသမဂ္ဂ၏ ထုတ်ပြန်ချက်ပါ အကြောင်းအရာကို ထပ်မံဖြည့်စွက် ရေးသားထားသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။