ယာယီအပစ်ရပ်ဖို့ သဘောတူထားပေမယ့် စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဇန်နဝါရီလ ၁၃ ရက် မနက်ပိုင်းကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အနီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့ အမှတ် (၉) ရပ်ကွက်နဲ့ တစ်ဆက်တည်းရှိတဲ့ ပလောင်ငြိမ်းချမ်းရေးကုန်းမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် မဟာမဟာမိတ် သုံးဖွဲ့အကြား တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဇန်နဝါရီလ ၁၁ ရက်ကပဲ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ရခဲ့ပါတယ်။ ဒီလိုသဘောတူညီချက်ရပြီး နှစ်ရက်အကြာ တိုက်ပွဲပြန်ဖြစ်လာတာပါ။
ဒီမနက် ကျောက်မဲတိုက်ပွဲမှာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်မဲမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပလောင်ငြိမ်းချမ်းရေးကုန်းဆိုတာ အမှတ် ၉ ရက်ကွက်နဲ့ စပ်နေတာ။ အဲဒီမှာလည်း လူနေရပ်ကွက်တွေရှိတယ်။ ဒီမနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်တာ။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေကြောင်းကတော့ မလာသေးဘူး။ ထိခိုက်ပျက်စီးမှုကတော့ တိုက်ပွဲတွေဖြစ်နေတုန်းဆိုတော့ မသိရသေးဘူး”
တိုက်ပွဲကြောင့် ကျောက်မဲမြို့ခံတချို့ ထွက်ပြေးတာရှိပေမယ့် တချို့ကတော့မြို့ပေါ်မှာပဲ ဆက်လက်နေထိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းက အင်အားအလုံးအရင်းနဲ့ TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းကို လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲမှာ TNLA ဟာ ငြိမ်းချမ်းရေးကုန်းကို စွန့်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တာလို့ TNLA က ဝေဖန်ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဇန်နဝါရီလ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ် ပါပုတ်ရွာကို လက်နက်ကြီးနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
လာရှိုး၊ နမ့်ဆန်၊ နမ္မတူ၊ သီပေါ စတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။