စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တချို့ရဲ့ ကျူးလွန်မှုတွေ စစ်တမ်းထုတ်ပြန်

စစ်ကိုင်းနဲ့မကွေးတိုင်းက ခရိုင်ငါးခုအတွင်း စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီ ၃၀ ရက်နေ့အထိ ခြောက်လတာ ကောက်ယူထားတဲ့ သုတေသနစစ်တမ်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

NUG ရဲ့စာရင်းတွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ၁၀၀ နီးပါးရှိပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ရာဇဝတ်မှု ၃၀၀ ကျော်နဲ့ အများဆုံးဖြစ်ပွားပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၃၈ မှု၊ ‌ရာဇဝတ်မှု ၁၉၉ မှု ရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မကွေးတိုင်းအတွင်း စစ်ရာဇဝတ်မှုပေါင်း ၇၀ ကျော်၊ လူအခွင့်အရေးချိုးဖောက်ခံရမှုနှစ်မှုနဲ့ ရာဇဝတ်မှု ၂၀ အထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ လက်နက်ကိုင်အင်အားစုတွေ ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေက စစ်ကိုင်းတိုင်းအတွင်းမှာ အများဆုံးနဲ့ စိုးရိမ်စရာဖြစ်နေတယ်လို့ သုတေသနစာတမ်း ပြုစုရေးအဖွဲ့မှာပါဝင်ပြီး လုံခြုံရေးနဲ့ အသက်အန္တရာယ်အရ နာမည်လွှဲထားတဲ့ ကိုကက်(စ်)ပါ -Casper က ပြောပါတယ်။

“နောက်တစ်ခုစိုးရိမ်ဖွယ် ကျွန်တော် တို့ဘာတွေ့ရလဲဆိုတော့ အမှုအခင်းကိစ္စတွေ ကျွန်တော်တို့ တွေ့ရတယ် စိစစ်ထားတဲ့ အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ Criminal ကိစ္စတွေပေါ့ ဘယ်လိုဟာတွေအထိပါ ပါလာလဲဆိုတော့ လမ်းဘေးကွမ်းယာဆိုင်ကိုတောင်မှ ဓားမြတိုက်တဲ့ အမှုကနေစပြီးတော့ ရွှေဆိုင်ကို ဓားမြတိုက်တဲ့ အမှုတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဘာမှန်းမသိလိုက်ပဲနဲ့ Criminal လိုကိစ္စမျိုးတွေ ရှိသလို တခြားစစ်ရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေအများစုက စစ်ကိုင်းမှာ ကျွန်တော်တို့ တွေ့ရတယ်။”

မုံရွာမြို့နယ်မှာ အမှုပေါင်း ၁၉၀ နီးပါးနဲ့ အများဆုံးဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခနဲ့ မသက်ဆိုင်တဲ့အရပ်သားတွေ ပစ်မှတ်တိုက်ခိုက်ခံရတာ အများဆုံးဖြစ်ပြီး စစ်တပ်ကကျူးလွန်တာတွေအပြင် အခြား လက်နက်ကိုင်အဖွဲ့အစည်းတွေကပါ ကျူးလွန်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

စစ်တမ်းကောက်ယူတဲ့နေရာမှာ မြေပြင်ကကျူးလွန်ခံရသူတွေဆီကို တိုက်ရိုက်သွားရောက် ကောက်ယူတာရှိသလို ဖုန်းနဲ့ဆက်သွယ်စစ်တမ်း ကောက်ယူခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

စစ်တမ်းထုတ်ပြန်ပွဲမှာပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပြင် မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တော်လှန်ရေးကာလအခြေအနေနဲ့ ကိုက်ညီတဲ့ တရားဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ် MOHR ရပ်တည်ချက်က ဘယ်သူပဲကျူးလွန်ကျူးလွန် ဘယ်သူ့ကိုပဲ ကျူးလွန်ကျူးလွန် လူ့အခွင့်အရေး ချိုးဖောက်မှုက လူ့အခွင့်အရေး ချိုးဖောက်မှုပဲ ဖြစ်ပါတယ်။ ဒီလိုကိစ္စတွေကို အချက်အလက် ကိန်းဂဏာန်းတွေ အပြင် တကယ်တိုင်ကြားနိုင်တဲ့ အဖြစ်အပျက် အစုံအလင်ကို ကျွန်တော်တို့ ဆီကိုပေးပို့ပေးပါ ကျွန်တော်တို့ဆီမှာ ရှိပြီးသားအချက်အလက်တွေနဲ့ ကိုက်ညီမှုရှိအောင် ကျွန်တော်တို့ ပြန်ပြီးတော့ စိစစ်ပါမယ်။ တကယ်လို့ မရှိသေးဘူးဆိုရင်လည်း ဒါတွေအကုန်လုံးကို စုဆောင်းပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနများကို လွှဲပြောင်းပေးတဲ့ဟာတွေ ရှိမယ် တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ လုပ်ဆောင်မှုကို တရားဥပဒေနဲ့ အတိုင်းဖြစ်အောင် နောက်တစ်ခါ တော်လှန်ရေး ကာလအခြေအနေဖြစ်တဲ့အတွက် တော်လှန်ရေးရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ပါမယ်လို့ ပြောကြားချင်ပါတယ်။”

ဒေသတွင်းအဖွဲ့အစည်းအချင်းချင်းကြား ဖြစ်ပေါ်လာတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး NUG တရားရေးဝန်ကြီးဌာန MOG လက်အောက်က တရားရေးဌာနတွေမှာ တိုင်ကြားနိုင်မှာဖြစ်သလို တိုင်ကြားရေးယန္တရားတစ်ခုကို ရေးဆွဲပြီး ဖြစ်ကြောင်းပြောပါတယ်။

NUG ရဲ့စာရင်းတွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ၁၀၀ နီးပါးရှိနေပါတယ်။ အဲဒီကိစ္စတွေ နိုင်ငံတကာတရားစီရင်မှုတွေဆီရောက်အောင် ကြိုးစားဖော်ထုတ်နေတယ်လို့ NUG အစိုးရရဲ့ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။

“စကစ ဘက်ကနေပြီးတော့ ကျူးလွန်တော့ ဖြစ်ရပ်ပေါင်းက ၉၉ မှုရှိပါတယ်။ အဲထဲမှာရှိတဲ့ အရေအတွက်ကို ပြန်ပြီးတော့ ရေတွက်တဲ့အခါမှာ ၁၂၂ ဦးရှိပါတယ်။ တချို့က ဖြစ်ရပ်တွေကတော့ အုပ်စုလိုက်ကျူးလွန် ခံရတာတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ တရားစီရင်မှုကို ရောက်အောင်အတွက် ကျွန်မတို့ IIMM ကနေတစ်ဆင့် ဆက်သွယ်ပြီးတော့ ကျွန်မတို့ပို့ပါတယ်။ နောက်ပြီးတော့လည်း ဆရာတို့မေးတဲ့အထဲမှာ ဒီတော်လှန်ရေးဘက်က ကျူးလွန်တဲ့ ဖြစ်စဉ်အဲဒါလည်း မှန်ပါတယ်။ သိပ်တော့ မများပေမယ့် ရှိတယ်။ ကျွန်မတို့ဘက်ကိုလည်း တိုင်ကြားတယ်။ တိုင်းရင်းသား ထိန်းချုပ်နယ်မြေတွေမှာ ဆိုရင်တော့ သူတို့ရဲ့ တိုင်းရင်းသားရဲ့ စစ်ဆေးမှုတရားစီရင်မှု အတိုင်းကို ကျွန်မတို့ပူးပေါင်းဆောင်ရွက်နေပါတယ်။”

တော်လှန်ရေးအဖွဲ့အစည်းတချို့က အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ အမှု ၁၀ မှုလောက်ရှိနေပြီး ဝန်ကြီးဌာနဆီ တိုင်ကြားထား တယ်လို့လည်း ဆိုပါတယ်။

2eb5c332-293e-4522-8919-a26aca7beb01.jpeg
စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်အစပ်မှာ အသတ်ခံရတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်နေ့က ပြန်တွေ့ရစဉ်။ ( Photo: Citizen Journalist)

စစ်ရာဇဝတ်မှုတွေမှာရွာတွေ စီးနင်းမီးရှို့ခံရတာ၊ ချိပ်ပိတ်သိမ်းဆည်းခံရတာ၊ လေကြောင်းကနေတိုက်ခိုက်တာ၊ ပစ်ခတ်သတ်ဖြတ်ခံရတာတွေ စတာတွေပါဝင်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေမှာ ဖမ်းဆီးထိန်းသိမ်းတာ၊ ဆက်ကြေးကောက်တာ၊ ခြိမ်းခြောက်ငွေညှစ်တာတွေ ပါဝင်ပါတယ်။

ရာဇဝတ်မှုတွေမှာတော့ လုယက်မှု၊ သတ်သေမှု၊ ဓားပြတိုက်မှု၊ ပေါက်ကွဲမှု၊ ဖမ်းဆီးထိန်းသိမ်းမှုစတဲ့အချက်တွေကို စာရင်းပြုစုထားတာပါ။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း စစ်ကောင်စီက ကျူးလွန်တယ်လို့ PMCSG ရဲ့ စစ်တမ်းမှာ ဖော်ပြထားတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးမှုတွေမှာ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေလုပ်တာ မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDFတွေက ကျူးလွန်တာ ဖြစ်တယ်လို့ ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့က RFA ကို ဖြေဆိုထားပါတယ်။