မန္တလေးမှာ တစ်လအတွင်း PDF ၃၃ ဦး ဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်

မန္တလေးတိုင်းမှာ နိုဝင်ဘာလ ၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အချိန်တစ်လခန့်အတွင်း PDF အဖွဲ့ဝင် ၃၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာ ကနေတဆင့် ဒီနေ့ ထုတ်ပြန်ပါတယ်။

သူတို့ဟာ ပြည်ကြီးတံခွန်၊ မဟာအောင်မြေနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ ဖောက်ခွဲဖျက်ဆီးရေးတွေ ပြုလုပ် ခဲ့ကြသူတွေဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။

စစ်ကောင်စီက ဖမ်းဆီးမှုအရေအတွက်ဟာ မှန်ကန်တယ်လို့ မန္တလေးမြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမင်းညိုမှိုင်းက ပြောပါတယ်။

“ကြည့်မယ်ဆိုရင် NUG နဲ့ ပတ်သက်တဲ့အဖွဲ့တွေက လုံခြုံရေးစည်းပေါက်နေတာ တွေ့ရတယ်။ လူငယ် ပြောက်ကျားအဖွဲ့တွေအနေနဲ့ တစ်ဖွဲ့မိရင် နေရာတွေပြောင်းရတော့ ကြာတော့ပြောင်းစရာနေရာ မကျန် တော့လောက်အောင်ဖြစ်နေပြီ။ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တောထဲမှာရှိနေတဲ့ အဖွဲ့တွေ လိုမျိုး၊ ရဲဘော်ညီကိုတွေလိုမျိုး ကြေညာပြီးတော့ တိုက်ရတာမဟုတ်ဘူး။ လူသိများတဲ့သူတွေအနေနဲ့ လိုင်းပေါ်မှာမဖြစ်လာသေးတဲ့ အစီအစဉ်တွေကို အရင်ဆုံးချပြတာတွေ ရှောင်စေချင်တယ်”

ဖမ်းဆီးခံရသူ ၃၃ ဦးထဲမှာ အမျိုးသမီး ငါးဦးလည်း ပါဝင်ပါတယ်။

မန္တလေးတိုင်းအတွင်း ဖောက်ခွဲဖျက်ဆီးမှုတွေကို ပြည်ကြီးတံခွန်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်းရဲ့ ချိတ်ဆက်မှုနဲ့ လုပ်ဆောင်တာဖြစ်တယ် လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ကာယကံရှင်ရဲ့ တုံ့ပြန်ချက်ကိုတော့ မသိရသေးပါဘူး။