စစ်ကောင်စီ ရွေးကောက်ပွဲကို နည်းပညာအကူအညီ မပေးဖို့ HRW ပြော
2025.03.12

စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် နည်းပညာ အကူအညီတောင်းခံမှုကို နိုင်ငံတကာ အစိုးရတွေအနေနဲ့ ငြင်းပယ်သင့်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အပါအဝင် ဂျပန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့လို အာရှနိုင်ငံတွေအနေနဲ့ စစ်တပ်ထိန်းချုပ်မှုကို တရားဝင်ဖြစ်စေမဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သင့်တယ်လို့လည်း HRW က တိုက်တွန်းပါတယ်။
အာဏာသိမ်းပြီးနောက် အတိုက်အခံ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီတွေကို ဖမ်းဆီးဖျက်သိမ်းမှု အပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ စစ်ခေါင်းဆောင်တွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် နိုင်ငံကိုလုံလောက်တဲ့ ထိန်းချုပ်မှုလည်းရှိမနေဘူးလို့ ဖော်ပြပါတယ်။
ဒါပေမဲ့ တချို့နိုင်ငံအနည်းစုကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံဖွယ်ရှိတယ်လို့ ဆိုပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲပေါ် ထောက်ခံမှုအတွက် သဘောထားကွဲလွဲတာတွေ ရှိနေတယ်လို့ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေကလည်း စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို ကုလအဖွဲ့ ဝင်နိုင်ငံတွေက လက်မခံဖို့ အတိအလင်း တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
HRW ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ရွေးကောက်ပွဲကို ဒီနှစ်ကုန် ဒါမဟုတ် နောက်နှစ်ဆန်းမှာ အစောဆုံးကျင်းပမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့က ၉ ရက်နေ့အထိ တစ်ပတ်ကြာသွားရောက်ခဲ့တဲ့ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံခရီးစဉ်မှာ ပြောထားပါတယ်။