မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ဒီဇင်ဘာလ ၁၇ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဝင် ရောက်စီးနင်းထားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
မူးယစ်ဆေးဝါးနဲ့ သစ်မှောင်ခို ခိုးထုတ်တာတွေ ပပျောက်ရေး နှမ်းခါးရွာသူကြီးတွေ အစည်းအဝေး လုပ်နေချိန် စစ်ကောင်စီဘက်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"သေနတ်တစ်ချက် မဖောက်ဖူးတဲ့ရွာကို ဟတ်စကီးတွေနဲ့ အင်အားအလုံးအရင်း ချပြီးတော့မှ ပိတ်ပြီးပစ်တာ"
စစ်ရဟတ်ယာဉ် ငါးစီး ဖိုက်တာဂျက် တစ်စီး စုစုပေါင်း ခြောက်စီးနဲ့ တစ်ရွာလုံးကို အပေါ်စီးကနေ ပစ်ခတ်ခဲ့ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံရွာသား တစ်ယောက်က RFA ကို ပြောပါတယ်။
“ရဟတ်ယာဉ်ငါးစီးမှာ ဂျက်ဖိုက်တာတစီးပါတော့ အားလုံးပေါင်း ခြောက်စီးပါ။ သုံးစီးက လူချတာ၊ ရွာပတ်ချာလည်မှာ လိုက်ချတယ်။ ဂျက်ဖိုက်တာနဲ့ ရဟတ်ယာဉ်နှစ်စီးနဲ့က အစည်းအဝေးခမ်းနားကနေ ပစ်တာ၊ ရွာထဲတွေပစ်တာ၊ အပြစ်မဲ့ပြည်သူတွေ သေဆုံးမှုတွေများတယ်။ ဘယ်နှစ်ယောက်လဲဆိုတာ အတည်ပြုလို့ မရသေးဘူး၊ ဂန့်ဂေါ-ကလေး ကားလမ်းပေါ်လာတဲ့ကားတွေ အကုန်ပစ်တာပဲ၊ နှမ်းခါးရွာ၊ တော်ဝင်ရွာ၊ မွေ့လယ်ရွာနဲ့ ရဲလှရွာတွေက ထွက်ပြေးရတယ်။ ဒေသခံ ၁၂၀၀၀ ကျော်လောက် ထွက်ပြေး ကြရတယ်“
လေကြောင်းကနေ ၄၅ မိနစ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် တပ်မ ၆၆ နဲ့ တပ်မ ၉၉ ပူးပေါင်းတပ်အင်အား အယောက် ၁၀၀ ဝန်းကျင်ကိုလည်း ရွာအနီးမှာ ချထားခဲ့တယ်လို့ ဆိုပါတယ်။
ရုတ်တရက် ဝင်တိုက်ခဲ့တာကြောင့် ဘာမှမသယ်နိုင်ဘဲ ထွက်ပြေးလာရတာမို့ ထွက်ပြေးလာသူတွေအတွက် စားနပ်ရိက္ခာတွေ အခက်အခဲဖြစ်နေပါတယ်။ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း ရွာထဲမှာ ကျန်နေတယ်လို့ အဲဒီဒေသခံရွာသားက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လတ်တလော နှမ်းခါးရွာမှာ တပ်စွဲထားပြီး စစ်တပ်ထောက်ခံတဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တွေလည်း အဲဒီမှာရှိနေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၈ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ အဲဒီ နှမ်းခါးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေ ထွက်ပြေးသွားတဲ့ တောတောင်တွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ရွာသား တွေက ပြောပါတယ်။
ထွက်မပြေးနိုင်လို့ ကျန်ခဲ့တဲ့ရွာသားတွေကိုလည်း စစ်တပ်က ဖမ်းဆီးထားတယ်လို့ နှမ်းခါရွာသား တစ်ဦးဖြစ် တဲ့ ကိုနွေဦးက ပြောပါတယ်။
“အကုန်ထွက်ပြေးကြရတာ၊ ဘယ်သူတွေထိခိုက်လဲ မသိရသေးဘူး၊ အခုရွာထဲမှာ မွှေနေတယ်။ အလုံး အရင်းနဲ့ ဝင်တာပဲ၊ သေနတ်တစ်ချက် မဖောက်ဖူးတဲ့ရွာကို ဟတ်စကီးတွေနဲ့ အင်အားအလုံးအရင်း ချပြီးတော့မှ ပိတ်ပြီးပစ်တာ၊ အကုန်လုံးအခုထိ ရွာထဲဝင်လို့ မရသေးဘူး၊ ပြေးနေရတယ်။ လွတ်တဲ့ တစ်နေရာမှာ ရှောင်နေရတယ်။ စစ်မြေပြင်သဖွယ်ကို လုပ်သွားတာ။ ဒေသမှာ အင်တာနက်လိုင်းတွေ လည်း မရသလို ဖုန်းလိုင်းကလည်း မကောင်းဘူး“
နှမ်းခါးရွာထဲမှာ ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေ လှုပ်ရှားနေတယ်လို့ စစ်ကောင်စီဘက်က ယူဆပြီး အခုလို ဝင်ရောက်စီးနင်း ပစ်ခတ်နေတာလို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ တွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာကိုမီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ ဒီတစ်ခေါက်နဲ့ဆိုရင် စစ်တပ်က အဲဒီရွာကို ဝင်ရောက်စီးနင်းတာ ၁၁ ကြိမ်ရှိပြီလို့ ဒေသခံရွာသားတွေက ပြောပါတယ်။
နှမ်းခါးရွာကို လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ RFA ကြိုးစားခဲ့ပေမယ့် လတ်တလော ဖုန်းလိုင်းဆက်သွယ်လို့ မရသေးပါဘူး။
စစ်ကောင်စီက မနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ CNF၊ YDF နဲ့ PDF အဖွဲ့တွေ အစည်းအဝေးပြု လုပ်နေတဲ့အချိန် စီးနင်းဝင်ရောက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဒေသခံတွေကတော့ စစ်ကောင်စီဘက်က စွပ်စွဲသလို လက်နက်ကိုင်အဖွဲ့တွေ အစည်းအဝေး လုပ်နေတာမဟုတ်ဘဲ ရပ်ရွာသူကြီး တွေ အစည်းအဝေးလုပ်နေတာလို့ ပြောကြပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ သေဆုံး သူ ခြောက်ယောက်ရဲ့အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ စစ်တပ်ဘက်က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

စစ်တပ်ရဲ့ ရုတ်တရက် ဝင်ရောက်ပစ်ခတ်မှုကြောင့် ပြေးမိပြေးရာပြေးကြရင်း မိသားစုတွေ တကွဲတပြား ဖြစ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ယောက်က လက်ရှိကြုံတွေ့ နေရတဲ့ အခြေနေကို ပြောပါတယ်။
“လက်ရှိ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကတော့ အမျိုးမျိုးပါပဲ၊ မနေ့ကဆို ကလေးတွေနဲ့လည်းကွဲတယ်။ ဘယ်တွေရောက်လို့ ရောက်မှန်းမသိ ပြေးကြရတာ၊ အခုလည်း တောထဲမှာရှောင်နေရတာ စောင်လည်း မပါ၊ ရာသီဥတုကအေးတော့ တစ်ညလုံးလည်း မအိပ်ရပါဘူး၊ ယူချိန်လည်းမရတော့ ဘာမှမပါဘူး။ ဒုက္ခကတော့ ပြောမပြတတ်လာက်အောင်ပါပဲ၊ သမီးတွေက အခုမနက်ပြန်တွေ့ရပေမယ့် အဖေနဲ့ အမေကတော့ မတွေ့ရသေးဘူး၊ ကျွန်မတို့ ကြောက်လည်း ကြောက်ပါတယ်“
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ကို ခုခံတော်လှန်နေတဲ့ ကာကွယ်ရေးတပ်သား PDF တွေရှိတယ်လို့ ယူဆပြီး အခုလို ပစ်ခတ်ခဲ့ပေမယ့် ဒေသခံရွာသားတွေပဲ ဒုက္ခရောက်နေရတယ်လို့ ဆိုပါတယ်။
နှမ်းခါးရွာ လေကြောင်းကနေ ပစ်ခတ်ခံရတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီလိုပစ်ခတ်မှုကြောင့် ရွာသား ၁၀ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောကြပေမယ့် RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ကို အပြင်းအထန်ခုခံတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ထဲက မြို့နယ်တွေကို စစ်ရဟတ်ယာဉ်တွေသုံးပြီး မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသလို အဲဒီဒေသတွေကို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားပါတယ်။