လက်လွှတ်ရတဲ့ နေရာတွေကို စစ်တပ်က ဖျက်ဆီးကြောင်း ကုလကိုယ်စားလှယ် ပြော

RFA Burmese
2024.11.23
လက်လွှတ်ရတဲ့ နေရာတွေကို စစ်တပ်က ဖျက်ဆီးကြောင်း ကုလကိုယ်စားလှယ် ပြော ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးအား ၂ဝ၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
UN Web TV Photo

မြန်မာစစ်တပ်ဟာ အတိုက်အခံ အင်အားစုတွေလက်ထဲ ကျရောက်သွားတဲ့ ကျေးရွာတွေကို ပိုမိုတိုက်ခိုက်နေပြီး၊ အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးက ကုလ အထွေထွေညီလာခံမှာ အစီရင်ခံစာတစ်စောင် တင်သွင်းတဲ့ နိုဝင်ဘာ ၂၂ ရက်က ပြောကြားလိုက်ပါတယ်။

လက်လွှတ်ဆုံးရှုံးရပြီး ပြန်မထိန်းချုပ်နိုင်တဲ့ နယ်မြေတွေက မြို့ရွာတွေကို မြန်မာစစ်တပ်က ဖျက်ဆီးပစ်တဲ့အပြင်ဒေသခံ အရပ်သားတွေကို ရှုပ်ထွေးတဲ့ လက်နက်တွေသုံးပြီး တိုက်ခိုက်နေတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးက အာရုံစူးစိုက်မှု မရှိတဲ့အတွက် မမြင်ရတဲ့ အကျပ်အတည်းလို့ နာမည်ပေးထားတဲ့ အဲဒီ အစီရင်ခံစာမှာ မြန်မာစစ်တပ်ကို လက်နက်၊ ကုန်ကြမ်းနဲ့ လေယာဉ်ဆီတွေ လွှဲပြောင်းပေးပို့ ကူညီနေတဲ့ နိုင်ငံတွေဟာ စစ်တပ်က မြန်မာပြည်သူတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့နေရာမှာ ပါဝင်ကူညီနေတယ်လို့ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ မြန်မာစစ်တပ်ဆီ လက်နက်တွေ စီးဆင်းနေတာကို ရပ်တန့်ဖို့၊ သန်းနဲ့ချီတဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေအတွက် ပေးအပ်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို အရေးယူ ဆောင်ရွက်တဲ့နေရာမှာ ဝိုင်းဝန်း ကူညီကြဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို မစ္စတာ တွမ် အင်ဒရူးက တိုက်တွန်းသွားပါတယ်။

ဒါတွေနဲ့ တဆက်တည်း တစ်နိုင်ငံလုံးခုခံတော်လှန်နေတာကို ချေမှုန်းဖို့ စစ်ကောင်စီဟာ မြေမြှုပ်မိုင်းတွေကို နှစ်ဆတိုး အသုံးချနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews နဲ့ မသန်မစွမ်းသူများ အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Heba Hagrass တို့က ပြောပါတယ်။

မြေမြှုပ်မိုင်းနဲ့ တခြားမပေါက်ကွဲတဲ့ တခြားစစ်လက်နက်ပစ္စည်းတွေကြောင့် ကမ္ဘာမှာ မြန်မာနိုင်ငံက သေဆုံးမှုအများဆုံး ဖြစ်ရတာကိုလည်း ဖော်ပြပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF နဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်းများ တားမြစ်ရေးအဖွဲ့တို့က သီးခြားလေ့လာချက်အရ ၂၀၂၃ တစ်နှစ်တည်းမှာပဲ မြေမြှုပ်မိုင်းနဲ့ တခြား စစ်လက်နက် ပစ္စည်းတွေကြောင့် လူ ၁၀၀၀ ကျော် သေဆုံးရပြီး တခြားနိုင်ငံတွေအားလုံးထက် ဦးရေပိုများတယ်လို့လည်း ပြောပါတယ်။ ဒီအထဲ ၂၀ ရာခိုင်နှုန်းကျော်က ကလေးတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။