စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်တချို့ကို အခြေခံပညာကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ ပြင်ဆင်နေကြောင်း မြန်မာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study – BACS) က နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်က ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စစ်မှုထမ်းဥပဒေနဲ့ အကြမ်းဖက်ဥပဒေ စတဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို အခုလက်ကျန်စာသင်နှစ် ဒါမှမဟုတ် လာမဲ့ ပညာသင်နှစ်အတွင်း စတင်သင်ကြား ရဖို့ရှိနေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီ ထိန်းချုပ် ထားတဲ့မြို့ကြီးတွေက ဆရာ၊ ဆရာမ ခုနစ်ရာထက်မနည်းကို အဲဒီဝါဒါဖြန့်ဘာသာရပ်တွေအတွက် ၁၀ ရက်က ၁၂ ရက်အထိကြာမြင့်တဲ့ ရက်တိုသင်တန်းတွေ ပေးနေတယ်လို့လည်း ဖော်ပြပါတယ်။
ဒီသင်တန်းတွေကို စစ်ကောင်စီရဲ့ ဥပဒေရေးရာဝန်ကြီးဌာနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် နေတာဖြစ်ပြီး ဆရာ၊ ဆရာမတွေကတစ်ဆင့် Grade 11 နဲ့ Grade 12 အတန်းအပါအဝင် အခြေခံပညာ ကျောင်းတွေက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေဆီ ပျံ့နှံ့ရောက်ရှိဖို့ ရည်ရွယ်နေတာလို့ BACS က ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ အခြေခံပညာရေးစနစ်မှာ ဒီဥပဒေဘာသာရပ်တွေကို သင်ကြားတာက အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ ဝေဖန်ပါတယ်။
“ဒါတွေကို သွားသင်လို့လည်း ကလေးတွေမှာ ဒါတွေက လက်ခံနိုင်တဲ့ စွမ်းရည်မရှိဘူး။ နိုင်ငံရေး ရည်ရွယ်ချက်အရ လုပ်တာပဲရှိမယ် ဘာမှအကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး။ ကလေးတွေအပေါ်မှာ စိတ်အနှောင့်အယှက်ဖြစ်ဖို့ပဲရှိတယ်”
စစ်ကောင်စီနယ်မြေစိုးမိုးထားတဲ့ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း အလားတူ ဆရာ၊ ဆရာမတွေကို ရက်တို သင်တန်းတွေပေးဖို့ ရှိနေတယ်လို့လည်း BACS က ဖော်ပြပါတယ်။
အရင်က ပညာရေးစနစ်တွေမှာ ဥပဒေပညာရပ်တွေကို တက္ကသိုလ်အဆင့်ရောက်မှသာ သီးသန့်ပညာရပ်အဖြစ် သင်ကြားပို့ချပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။