မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာအကျိုးဆောင် လုပ်အားခ မရ

2021.07.14
မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာအကျိုးဆောင် လုပ်အားခ မရ မြန်မာစစ်တပ်ကိုယ်စား နိုင်ငံတကာမှာ ရပ်တည်ပြောဆိုပေးဖို့ အကျိုးဆောင်အဖြစ် ငှားရမ်းထားတဲ့ အစ္စရေးနဲ့ ကနေဒါနိုင်ငံသား Ari Ben-Menashe။
File Photo: Reuters

မြန်မာစစ်တပ်ကိုယ်စား နိုင်ငံတကာမှာ ရပ်တည်ပြောဆိုပေးဖို့ အကျိုးဆောင်အဖြစ် ငှားရမ်းထားတဲ့ အစ္စရေးနဲ့ ကနေဒါနိုင်ငံသား Ari Ben-Menashe က မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်နေတယ်ဆိုပေ မယ့် သူတို့အတွက် လုပ်ပေးမယ့် လုပ်ငန်းတွေကိုတော့ ရပ်နားထားတယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် သူ့အတွက် လုပ်အားခ မရဘဲ ဖြစ်နေတာကြောင့်လို့ Reuters သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ Ari Ben-Menashe ကို အမေရိကန် ဒေါ်လာ နှစ်သန်းနဲ့ မြန်မာစစ်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့မတ်လမှာ ငှားရမ်းခဲ့တာပါ။

မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ပြန်ရုပ်သိမ်းမှပဲ သူ့ရဲ့လုပ်အားခတွေ ရနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် လုပ်ဆောင်ပေးမှုတွေ ရှိတာကြောင့် အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှုက အကျိုးဆောင် Ari Ben-Menashe ကိုပါ ထိခိုက်လာတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွဲခဲ့တာ တွေကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုတွေ လုပ်ထားတာပါ။

Ari Ben-Menashe ရဲ့ မြန်မာစစ်ခေါင်းဆောင်တွေအတွက် လုပ်ဆောင်ပေးမှုတွေအတွင်း CNN သတင်းဌာန မြန်မာနိုင်ငံကို လာရောက်နိုင်အောင် ကူညီစီစဉ်ပေးခဲ့တာလည်း တခု အပါအဝင်ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အတွက် တခြား သူဘာတွေလုပ်ပေးထားသလဲ ဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။