စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံကြောင်း KIO နဲ့ KNU ပြော

RFA Burmese
2023.01.02
စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံကြောင်း KIO နဲ့ KNU ပြော ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ မဲရုံတွင် မဲပေးနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
AFP

ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မနေ့ကပြောဆိုတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ အခုလို ပြောဆိုခဲ့တာပါ။

“ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်က ရွေးကောက်ပွဲကို ကျင်းပဖို့ အတွက် လုပ်ပိုင်ခွင့် လုံးဝမရှိဘူး။ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတွေကလည်း စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သူတွေပဲ ဖြစ်မယ်။ ဒီရွေးကောက်ပွဲမှာ ဘယ်သူကရန်၊ ဘယ်သူကကြားနေ၊ ဘယ်သူက အမှန်တရားဘက်ရပ်တည်တဲ့ သူလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ရလိမ့်မယ်”

စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေကို အိမ်နီးချင်း နိုင်ငံတွေကနေ အကူအညီပေးဖို့ အရေးကြီးတဲ့ ကာလရောက် နေပြီလို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

KNU တပ်မဟာ (၅) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဘယ်သူကမှ ပူးပေါင်းပါဝင် မပတ်သက်ကြဖို့ ထည့်သွင်း ဖော်ပြထားပါတယ်။ KNU တပ်မဟာ (၅) နယ်မြေထဲက စစ်တပ်စခန်းတွေ ရုပ်သိမ်းဖို့နဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထား နုတ်ထွက်ကြဖို့ကိုလည်း ရေးသားထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မနေ့က နှစ်သစ်ကူးမိန့်ခွန်းမှာတော့ ၂၀၂၃ ခုနှစ်ဟာ သမိုင်းကောင်းတစ်ခု ဖန်တီးနိုင်မယ့် နှစ်တစ်နှစ် ဖြစ်ပြီး တိုင်းရင်းသားတွေ အနေနဲ့ အဲဒီ အခွင့်အရေးကို အရယူကြဖို့ ပြောဆိုခဲ့ပါတယ်။ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားတွေကို တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ် တစ်နှစ်ပတ်တာလုံး တိုးမြှင့်ရပ်စဲ လိုက်တယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အမှန်တကယ် အပစ်ရပ်ချင်တာကြောင့် မဟုတ်ဘဲ သူစီစဉ်တဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက် ခေတ္တငြိမ်ပေးတဲ့ သဘောပဲလို့ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသုံးသပ်တစ်ဦးက RFA ကို ပြောပါတယ်။

"ဒါက ရှင်းရှင်းလေးပဲ၊ တိုင်းရင်သားတွေနဲ့ အပစ်ရပ်တယ်လို့ ဆိုတာက တိုင်းရင်းသား နယ်မြေတွေမှာ ရွေးကောက်ပွဲကို ခြေသံလုံလုံနဲ့ ကျင်းပချင်လို့ပါ၊ ဒါကြောင့် တစ်ခုပေးပြီး တစ်ခုပြန်ယူတဲ့ သဘောပဲ၊ ရွေးကောက်ပွဲ ကျင်းပပြီးတာနဲ့ စစ်တပ်က ဗိုလ်နေမြဲ ကျားနေမြဲ ပြန်လုပ်မှာပဲ"

၂၀၁၈ ခုနှစ်ကနေ ဒီဇင်ဘာလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီဘက်က အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ် ရှိခဲ့ပေမယ့် သူ့ထုတ်ပြန်ချက်တွေကို သူကိုယ်တိုင်ပြန်ချိုးဖောက်တာ များတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ကလည်း လာမယ့် ကာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေအပေါ် အလုပ်သမား ပြည်သူတွေအနေနဲ့ ပါဝင် ထောက်ခံတာမျိုး၊ ပံ့ပိုးတာမျိုး မလုပ်ဖို့ ဇန်နဝါရီ ၁ ရက်နေ့ကတိုက်တွန်း ပြောဆို ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။