မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေးကိစ္စ တိကျခိုင်မာဖို့ AI ပြောကြား

RFA Burmese
2024.11.28
မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေးကိစ္စ တိကျခိုင်မာဖို့ AI ပြောကြား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူး‌‌ကြီး မင်းအောင်လှိုင်။
Photo: Myanmar Military

ပြစ်မှုကျူးလွန်သူတွေ ထပ်တလဲလဲ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်ရေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုတဲ့ကိစ္စကို တိကျခိုင်မာတဲ့ အဖြေရအောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Agnes Callammard က ပြောကြားလိုက်ပါတယ်။

ICC ရှေ့နေရဲ့ အခုလုပ်ဆောင်ချက်ဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပြီး မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ နိုင်ငံတကာဥပဒေအောက် ရာဇဝတ်မှုကျူးလွန်သူတွေအနေနဲ့ ဘယ်လောက်ပဲ အာဏာရှိပါစေ၊ ဘယ်လိုပဲ ပြစ်ဒဏ်တွေကနေ လွတ်မြောက်နေပါစေ ဒီလူတွေ ဖမ်းဆီးအရေးယူခံရအောင် ကြိုးပမ်းမယ်ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက်အိုးအိမ်တွေ ဆုံးရှုံးနေရတဲ့ ရိုဟင်ဂျာတွေအပေါ် လူမဆန်ရက်စက်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေထဲက ဘယ်သူ့ကိုမှ တာဝန်ခံမှုရှိအောင် မဆောင်ရွက်နိုင်သေးဘူးလို့လည်း ထောက်ပြထားပါတယ်။

စစ်ခေါင်းဆောင်တွေကို တာဝန်ခံမှုရှိအောင် မလုပ်ဆောင်နိုင်သေးသမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မံပေါ်ပေါက်နေမှာ ဖြစ်ပြီး ဒီလိုကင်းလွတ်ခွင့်ရနေတာတွေကို ချေဖျက်ရမယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အလုံးစုံအတွက် အဓိက တာဝန်ရှိသူဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်တွေအတွင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်ခဲ့တဲ့အပြင် ပြည်သူ ခြောက်ထောင်နီးပါး သတ်ဖြတ်ခံရပြီးဖြစ်တဲ့ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူလည်းဖြစ်တာကြောင့် ICC က ဖမ်းဝရမ်းကို အတည်ပြုထုတ်ပြန်လိုက်တာနဲ့ သူ့ကို ချက်ချင်းဖမ်းဆီးပြီး ICC မှာ ခုံရုံးတင်သင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်နဲ့ပတ်သက်လို့ ICC ကို လွှဲပြောင်းဖို့ စတင်လုပ်ဆောင်သင့်ပြီလို့လည်း AI အထွေထွေအတွင်းရေးမှူးချုပ်က Agnes Callammard က ပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ ICC က မြန်မာစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခဲ့တဲ့အပေါ် ကြိုဆိုကြောင်း အမေရိကန်ပြည်ထောင်စုက အကြီးဆုံး မွတ်စလင်လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CAIR ခေါ် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီက နိုဝင်ဘာ ၂၇ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

CAIR အဖွဲ့ဟာ ဒီနှစ်အစောပိုင်းကလည်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေကြတဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ရာပေါင်းများစွာ သေဆုံးခဲ့ရတာတွေအတွက်လည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဒါ့အပြင် သမ္မတဘိုင်ဒင်အစိုးရက မြန်မာပြည်က ရိုဟင်ဂျာလူနည်းစုတွေအပေါ် မြန်မာစစ်တပ်က လူမဆန်ရက်စက်မှုတွေ ကျူးလွန်ခဲ့တာကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း CAIR က ကြိုဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။