စွမ်းအင်ကဏ္ဍကနေ စစ်ကောင်စီ နိုင်ငံခြားငွေအများဆုံးရနေ
အာဏာသိမ်းစစ်ကောင်စီဟာ စွမ်းအင်ကဏ္ဍကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ အများဆုံး ရနေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က မေလ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော်အထိရှိခဲ့ပါတယ်။
အဲဒီထဲမှာ ၇ဝ ရာခိုင်နှုန်းဟာ စွမ်းအင်ကဏ္ဍက ဝင်ငွေရခဲ့တာလို့ ISP Myanmar က ပြောပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံကြသူတွေထဲ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး၊ ဂျပန်နဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေက ဒုတိယအများဆုံး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် သုံးလအကြာမှာ ခွင့်ပြုလိုက်တဲ့ တရုတ်နိုင်ငံရဲ့ LNG မီးလင်းချိုင် စွမ်းအင်စီမံကိန်းကနေ ဝင်ငွေအများဆုံးရနေပြီး၊ နိုင်ငံခြားဒေါ်လာငွေ ၂ ဒသမ ၅ ဘီလီယံအထိရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ငွေရနှုန်းဟာ အာဏာမသိမ်းခင်နဲ့ယှဉ်ရင်တော့ ထက်ဝက်ကျော် ကျဆင်းသွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက်ဖြစ်တဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။