ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဝါးခယ်မ၊ မော်လမြိုင်ကျွန်းမြို့က ဆန်စက်ကြီးတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားအစီး ၆ဝ ကျော်နဲ့ မျိုးစပါးနဲ့ ရိက္ခာအဖြစ် ပေါ်ဆန်းဆန်တွေကို ဝယ်သွားတယ်လို့ မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က စစ်တပ်နဲ့အဆက်အစပ်ရှိတဲ့ ဆန်စက်ကြီး ကိုးခုကနေ ရခိုင်လေဘေးအတွက်လို့ ပြောပြီး နှံကားမျိုးစပါးကို နွေရာသီမှာ စစ်ကောင်စီက ထုတ်ပေးထားတဲ့ ဓာတ်မြေသြဇာဖိုးနဲ့ ခုနှိမ်ဝယ်ယူသွားပြီး ပေါ်ဆန်းမွှေးဆန်ကိုတော့ ပေါက်စျေးအတိုင်း ငွေလက်ငင်းပေး ဝယ်သွားတာလို့ ဆိုပါတယ်။
"ဆန်က ပေါ်ဆန်းဝယ်တယ်။ စပါးက ဟိုဘက်ဒေသမှာ ခံတဲ့ နှံကားပဲ။ စိုက်လို့ရတဲ့ မျိုးစပါးပေါ့ကွာ။ တစ်စက်ကို ကား ခြောက်စီးစာတိုက် သိလား။ ဒီဘက်တွေမှာတော့ ထောင်ကျော်ပဲ ဝယ်လိုက်တာ။ ဟိုဘက်ကမ်းစက် နှစ်စက်ကတော့ စပါးသုံးထောင် ပါသွားတယ်တဲ့"
စစ်ကောင်စီဟာ စစ်ကားအစီး ၆ဝ ကျော်နဲ့ အခုလို ရိက္ခာဆန်နဲ့ မျိုးစပါးတွေလာဝယ်တာကြောင့် စစ်ကောင်စီ မှာ ရိက္ခာဆန်အင်အားနည်းနေတာကို မြင်ရသလို ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ ရခိုင်ဒေသမှာ သူတို့ကူညီပေးနေတယ်ဆိုတဲ့သဘောမျိုး သက်ရောက်အောင် လုပ်သလိုဖြစ်နေတယ်လို့ မော်လမြိုင်ကျွန်းဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကားတွေဟာ မြို့ထဲကို အစီးသုံးဆယ်ကျော်ဝင်ရောက်လာပြီး အစီးသုံးဆယ်ကျော်က မြို့ပြင်မှာ တန်းစီရပ်နားထားတာကြောင့် ပြည်သူတွေက စိုးရိမ်ထိတ်လန့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ကား အစီး ၆ဝကျော်ဟာ မြောင်းမြမြို့ဘက်ကနေ ထွက်လာတာဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့နယ်မှာ တစ်ညအိပ်ပြီးတဲ့နောက် ဘိုကလေးဘက်ကနေ ဖျာပုံမြို့ကို ဆက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။